Thursday 29 April 2010

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ - တိုက်ပွဲ - အပိုင်း(၂)

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

နောက်နေ့ ဗိုလ်ချုပ်မောင်မောင် (ကွယ်လွန်) မှ “ကျောင်းသားတပ်ဖွဲ့ ရောက်ပြီ လိုအပ်ချက်များ လာရောက် စီစဉ်ရန်” အကြောင်းကြားလာ

သဖြင့် မိမိသွားတွေ့သည်။ ကျောင်းသား တပ်မတော်မှ ရဲဘော်များက ပွဲကြီးပွဲကောင်းဆင်နွှဲရတော့မည် ဖြစ်သဖြင့် စိတ်ဓါတ် တက်ကြွနေကြသည်။ သို့သော် (M-16) များသာ ပါလာသည်။ ပါလာသော လက်နက်ငယ် များမှာ အလုပ်မဖြစ်သည်က များနေသည်၊ ထို့ကြောင့် ကိုဥာဏ်ထွန်းကို ခေါ်၍ လက်ထောက် စစ်ထောက်ချုပ်ထံ သွားသည်။ (M-16) ပြောင်းသစ်များ လဲသည်။ (M-79 - RPG) အလက်၊ အသီးများ ထုတ်သည်။ စစ်ချပ်စစ်ပစ္စည်းများ ထုတ်သည်။ အစားအသောက်များ ထုတ်သည်။ လွှနှင့် ပေါက်တူး ပေါက်ပြားများ ထုတ်သည်။ မကျန်းမာသူများကို ဆေးရုံပို့သည်။ ဆေးမှူးအား လိုအပ်သော ဆေးပစ္စည်းများ ထုတ်စေသည်။ ကျည်များ ဖြည့်သည်။ လက်နက်ငယ်တစ်လက် ကျည် (၃ဝဝ) စီ ဖြည့်ခိုင်းသည်။ လက်ပစ်ဗုံး၊ ရှေ့ထွက်မိုင်း၊ နင်းမိုင်း အစုံအလင်ထုတ်ပေးသည်။ အားလုံး စုံလင်သလောက် ရှိပါပြီ။

ဗဟိုစစ်ဦးစီးဌာနချုပ်ရှိ ဗိုလ်မှူးဘော်ကျော်ဟဲဦးစီး ကွန်မန်ဒိုတပ်ရင်း တစ်ရင်းလုံး၊ ကျောင်းသားတပ်မတော် တပ်ရင်း (၂ဝရ)၊ (၂ဝ၈)၊ (၂ဝ၉) တပ်ရင်းများ၊ တပ်မဟာ(ရ) လက်အောက်ခံ တပ်ရင်း (၁၉)၊ (၂ဝ)၊ (၂၁)၊ (၂၂) တပ်ရင်းများ၊ (PLF) (People’s Liberation Front) (ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တပ်ဖွဲ့များ၊ (NLD-LA) မှ တပ်ဖွဲ့များ၊ တပ်မဟာ (၂) (၃) (၆) မှ တပ်ဖွဲ့များ၊ ကရင်လူငယ် (KYO) လူငယ်များ၊ (KWO) အမျိုးသမီးများ၊ ကော်သူးလေ အထက်တန်း ကျောင်းသူ ကျောင်းသားများ၊ ဗိုလ်မှူး ဝေါထယ် (တတိယနိုင်ငံရောက်) ဦးစီးသော ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကြီးစောအဘီး (ကွယ်လွန်) ဦးစီးသော အထူးပြောက်ကျားတပ်ဖွဲ့၊ ဗဟိုလက်နက်ကြီးတပ်ဖွဲ့၊ ဒီမိုကရေစီ အဖွဲ့အစည်း ပေါင်းစုံမှ ရဲဘော်ခေါင်းဆောင်များ၊ တပ်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့မှ ရန်သူ့ကျူးကျော်စစ်ကို ခုခံရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်နေသည်။

(ကပေါလူ) ရှိ ဗျူဟာမှူးရုံးတွင် အလုပ်ရှုပ်နေကြသည်။ ပွိုင့် (၄ဝ၄၄) နှင့် ပတ်ဝန်းကျင် သဲမြေပုံကြီးသည် ရန်သူ့စစ်ကြောင်း များ၏ ထိုးစစ်လမ်းကြောင်းများကို ပြနေသည်။ ကြားဖြတ် ဌာနတာဝန်ခံ ဗိုလ်သူလိုင်က သဲမြေပုံရှိ ရန်သူ့ထိုးစစ်ဆင်လာရာ လမ်းကြောင်း၊ တပ်အမျိုးအစားများကို ရှင်းပြနေသည်။ ဗိုလ်ချုပ် ကစယ်ဒို၊ ဗျူဟာမှူး ဗိုလ်မှူးကြီး လောဝါဒိမှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများ၊ တပ်ဖွဲ့မှူးများကို မိမိတို့ တိုက်ခိုက်ရမည့် စစ်ဆင်ရေး ဧရိယာများအား ရှင်းပြနေသည်။

မိမိ ကီးဒို (DAB) စစ်ကြောင်းအား တပ်မဟာ (ရ)၊ တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့် လက်ချင်းချိတ်ရန် တာဝန်ပေးလိုက်သည်။ မိမိလက်ချင်းချိတ်ရမည့် တပ်ရင်း(၂ဝ) စစ်ကြောင်းမှူးသည် တပ်ရင်း (၂ဝ) မှ ဒုတိယ တပ်ရင်းမှူးဖြစ်သည့် ဗိုလ်မှူးကျော်ဟဲ ဖြစ်သည်။ သူသည် မျိုးချစ်စိတ်ရှိပြီး တိုက်ရည်ခိုက်ရည် ဝနေသော တပ်မှူးတစ်ဦး ဖြစ်သည်။ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး နော်တော့ ဖြစ်ပါသည်။

ကီးဒို (DAB) စစ်ကြောင်း

မိမိစစ်ကြောင်းတွင် ကျောင်းသားတပ်မတော် တပ်ရင်း (၂ဝ၄)၊ (၂ဝ၅) ဖြင့် ဖွဲ့စည်းထားသော (၂၁၆) တပ်ရင်းမှ ကိုတင်စိုး (မဆလတပ်ထွက်) ဦးစီးသော (ABSDF) ကျောင်းသား တပ်မတော်မှ တပ်ခွဲတစ်ခွဲ၊ ဗိုလ်ကြီး စိုးအောင် ဦးစီးသော (ကလလတ - ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ပေါင်းစု) မှ တပ်ခွဲတစ်ခွဲ၊ ဗိုလ်ကြီး ကမော် ဦးစီး တပ်မဟာ (၂) မှ တပ်ခွဲတစ်ခွဲ၊ ဗဟိုစစ်ဦးစီးဌာနချုပ်၊ အထူးပြောက်ကျားတပ်ဖွဲ့ ဗိုလ်မှူး ထီးမှူး ဦးစီး တပ်ခွဲတစ်ခွဲ၊ မိမိစစ်ကြောင်းရုံးတွင် မိမိသား ဗိုလ်လှထွန်းဦး (ဗိုလ်ချာတိတ်) ဗိုလ်သင်တန်း အပါတ်စဉ် (၃) ဆင်း (ဗိုလ်မှူးကြီး အေးမြင့် ပို့ချပေးသော သင်တန်းအပါတ်စဉ် ဖြစ်သည်) ဦးစီး တပ်စုတစ်စုတို့ဖြင့် ကီးဒို (DAB) စစ်ကြောင်းကို ဖွဲ့စည်းထားပါသည်။

စစ်ကြောင်း တပ်ရေးဗိုလ်ကြီးအဖြစ် (ABSDF) မှ ကိုဥာဏ်ထွန်း၊ တပ်ထောက်ဗိုလ်ကြီး အဖြစ် (ABSDF) မှ ကိုကျော်ဆွေ (မဆလတပ်ထွက်)၊ စစ်ကြောင်းရုံး တပ်စုတွင် (၆ဝ) မမ တာဝန်ခံ ကျောင်းသားတပ်မတော်မှ ကိုညိုမင်းထွန်း (မွတ်ဆလင်) (မဆလတပ်ထွက်)၊ စစ်ကြောင်း (ဆသရ)၊ (ကြားဖြတ်)၊ (လက်နက်ကြီး)၊ (ဆေး) အဖွဲ့ ဟူ၍ ဖွဲ့စည်းထားသည်။ ဆေးအဖွဲ့ ဒုတိယ ဆေးတာဝန်ခံမှာ (ABSDF) မှ ကိုထွန်းထွန်းဦး (မောင်ခိုင်စွပ်)နှင့် ဆေးအဖွဲ့ဝင် ရဲဘော်မောင်တူး (စာရေးဆရာ) ယခု ((DVB) အသံလွင့်ဌာန) တို့ ဖြစ်ကြသည်။

ရှေ့တန်း ကျောင်းသားတပ်မတော် တိုက်ခိုက်ရေး တပ်ဖွဲ့များအတွင်း တပ်စုမှူး ကိုကြည်ဝင်း (မဆလတပ်ထွက်)၊ တပ်စုမှူး ကိုခင်စိုး (မဆလတပ်ထွက်)၊ တပ်စုမှူး ကိုမှတ်ကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကိုအောင်ဝင်းကြီး (မဆလတပ်ထွက်)၊ တပ်စိတ်မှူး ကိုဇော်လှိုင်ဝင်း (ရဲထွက်) တို့ဖြင့် ဖွဲ့စည်းထားသည်။ စစ်ကြောင်းသည် တပ်ပေါင်းစုံမှ တပ်ခွဲ များဖြင့် ပူးပေါင်းဖွဲ့စည်းထားသဖြင့် လက်နက်တပ်ဆင်မှု မတူကြပေ။ တချို့တပ်ခွဲများတွင် လက်နက်ကြီး (RPG - စက်လတ်) များစွာ ရှိပြီး ကျောင်းသားတပ်မတော်နှင့် တပ်မဟာ (၂) တပ်ခွဲများ၌ လက်နက်ကြီးအင်အား နည်းနေသည်။ ဟန်ချက်ညီ တိုက်နိုင်ရန်အတွက် တနေ့တွင် စစ်ကြောင်း အရေးပေါ် အစည်းအဝေးကို ခေါ်ယူသည်။

“ကျနော်တို့စစ်ကြောင်းဟာ တပ်ပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ၊ လူမျိုးစုံနဲ့ ဖွဲ့စည်းထားတော့ ပြည်ထောင်စု အငယ်စားလေးနဲ့ တူတယ်ဗျ။ စစ်ကြောင်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ ဟန်ချက်ညီ တိုက်နိုင်ဖို့ တန်းတူရေးနဲ့ ဒီမိုကရေစီရေးကို အခြေခံကျကျ ကျင့်သုံးရမယ်။ တစ်ဖွဲ့က လက်နက်ကြီး အင်အားတောင့်ပြီး တစ်ဖွဲ့က အားနည်းနေလို့ မရဘူး။ တန်းတူညီမှု လိုတယ်။ ကျနော်တို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က အိမ်ရှင်လည်း ဖြစ်တယ်၊ အင်အားလည်းကြီးတော့ အားနည်းနေတဲ့ ညီနောင်တပ်ခွဲတွေကို အားဖြည့်ရမယ်” ဟု ပြောပြီး မိမိ၏ ဒုတိယစစ်ကြောင်းမှူး ဗိုလ်မှူးထီးမူးအား (RPG)၊ (စက်လတ်) (စကားပြောစက်) များအား မျှဝေပေးလိုက်ရန် ညွှန်ကြားလိုက်သည်။ ဗိုလ်မှူးထီးမှူးလည်း ဆက်လက်လှုပ်ရှားလိုက်သဖြင့် တပ်ခွဲများအတွင်း (RPG) (စက်လတ်) နှင့် (စကားပြောစက်) များ ညီမျှသွားတော့သည်။

“တန်းတူမှု၊ စေတနာထားမှုနှင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုသည် လုပ်ငန်းများ၏ အခြေခံ လိုအပ်ချက်နှင့် အောင်မြင်မှု၏ မူလဇစ်မြစ်” ဖြစ်ပါသည်။

မိမိစစ်ကြောင်းတွင် ဗဟိုစစ်ဦးစီးဌာနချုပ်မှ တွဲဘက်ထားသော လက်နက်ကြီးတပ်ဖွဲ့ ပါဝင်သည်။ (၆၀) မမ စိန်ပြောင်း၊ (၈၁) မမ စိန်ပြောင်း၊ (၈၂) နောက်ပွင့်ရိုင်ဖယ်နှင့် (.၅) စက်ကြီးလည်း ရှိသည်။ စစ်ကြောင်းအတွက် ထမင်းချက်၊ ဟင်းချက်ရန် အပျော်တမ်း ဝန်ထမ်း (၂ဝ) ဦး ရှိပါသည်။

မှတ်ချက်။

မိမိစစ်ကြောင်းတွင် မဆလတပ်ထွက် အများအပြား ပါဝင်သည်။ သူတို့သည် တစ်ချိန်က မိမိရန်သူများ ဖြစ်ခဲ့ကြသည်။ သို့သော် (၈) လေးလုံး ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးမှ ဖွားမြင်လာသော ပြည်သူ့သားကောင်းများ ဖြစ်လာသဖြင့် မိမိနှင့် ဘဝတစ်ခုထဲ ဖြစ်လာကြသည်။ မိမိအပေါ် ယုံကြည်မှု အပြည့်ရှိသလို မိမိမှလည်း ၄င်းတို့ကို ယုံကြည်မှု အပြည့်ရှိသည်။ ညီအစ်ကိုရင်းထက် ပို၍ အဆင့်မြင့်သော ရဲဘော်ရဲဘက်များ ဖြစ်လာကြသည်။ မိမိငရဲပြည် သွားရင်တောင် လိုက်မည့် ရဲဘော်များ ရှိကြသည်။ (ကရင် - ဗမာ) ဟူ၍ လူမျိုးရေးအစွဲ မရှိကြတော့၊ အာဃာတ မထားတော့၊ မုန်းတီးမှုတွေ မရှိတော့။ ကီးဒို (DAB) စစ်ကြောင်း အောင်လံတော်အောက်ရှိ အမျိုးသား ဒီမိုကရေစီ တော်လှန်ရေးကြီးတွင် တစ်ခရီးထဲ သွားနေကြသော ပြည်ချစ်စစ်သည်တော်များ ဖြစ်လာကြသောကြောင့် ဖြစ်ပါသည်။

မောင်ခိုင်စွပ် (ကိုထွန်းထွန်းဦး) သည် သားလိုချစ်ရသော ကျောင်းသားတပ်မတော်မှ ချစ်ရဲဘော် တစ်ဦးဖြစ်သည်။ ချစ်စနိုးဖြင့် နံမည်အသစ် မှည့်ခေါ်ထားခြင်းဖြစ်သည်။ သူက မွတ်ဆလင်ပုံ နည်းနည်း ဆင်နေသဖြင့် ၄င်း၏မိဘရင်းမြစ်များကို မေးမြန်းမိသည်။ အဖေက ကုလားဗမာ၊ အမေက ရခိုင်လို့ သိရတော့ “ဟေ့ ထွန်းထွန်းဦး၊ မင်းကသွေး (၃) မျိုးပါတော့ မင်းကို ဗမာသွေးပါလို့ (မောင်)၊ ရခိုင်သွေးပါလို့ (ခိုင်)၊ ကုလားသွေးပါလို့ အီစွပ် (စွပ်)” ဒ့ါကြောင့် မင်းကို “မောင်ခိုင်စွပ်”လို့ ခေါ်မယ်ဟု ပြောပြီး စစ်ဆင်ရေးကာလ တလျှောက်လုံး ဤသို့သာ ခေါ်ခဲ့သည်။

စည်းလုံးခြင်းရဲ့ အင်အား မှကူးယူတင်ပြသည်

No comments:

Post a Comment