Thursday 26 April 2012

အပစ်အခတ် ရပ်စဲရေးကြောင့် ကျောက်ကြီးလူထု သွားလာမှု လွတ်လပ်လာ

ဧပြီလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက်ပိုင်းမှစ၍ ယနေ့အထိ
၎င်းမြို့နယ်အတွင်းရှိ လူထုများမှာ စစ်ဆေးမေးမြန်းမှုများ မရှိတော့ဘဲ လွတ်လပ်စွာ သွားလာသယ်ယူပို့ဆောင်နိုင်ကြောင်း သိရသည်။
“လူထုတွေကတော့ အခုဆို သွားလာတာလည်း အရင်လို လက်မှတ်ရေးစရာ မလိုတော့ဘူး။ အစစ်အဆေးလည်း မရှိတော့ဘူး”ဟု KNU ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒိုစောနဲထူးဗျိုင်းက ကေအိုင်စီသို့ ပြောသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံများသည် ယခင်က တနေရာနှင့် တနေရာ သွားလာရန်အတွက် လူတစ်ဦးလျှင် လက်မှတ်တစ်စောင်ကို ကျပ်ငွေ ၅၀၀ပေး၍ သွားလာခဲ့ရသလို မိမိတို့ ၀ယ်ယူသယ်ဆောင်လာသည့် ကုန်ပစ္စည်းများလည်း စစ်ဆေး သိမ်းဆည်းခံရကြောင်း ပဒိုနဲထူးဗျိုင်းက ဆက်လက် ပြောဆိုသည်။
သူက “အရင်ကဆို ဓာတ်ခဲတွေ၊ ဓာတ်မီးတွေ ၀ယ်လာရင် အသိမ်းခံရတယ်။ သဘောက ဖောက်ခွဲရေးကိစ္စတွေမှာ ဒီလိုပစ္စည်းမျိုးတွေ သုံးတယ်ဆိုပြီး အသိမ်းခံရတာလေ။ အခုတော့ ဘာမှမလိုတော့ဘူး။ သွားလာရ၊ သယ်ဆောင်ရ လွတ်လပ်သွားပြီ။”ဟု ဆိုသည်။
ဧပြီလ ၉ရက်နေ့က ကျောက်ကြီးမြို့ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို KNU ဆက်ဆံရေးရုံးအဖြစ် ပြောင်းလဲဖွင့်လှစ်ကာ သွားလာရေး အသုံးပြုနိုင် ရန် Grand Tiger ကားတစ်စီး ပေးအပ်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ KNU ဆက်ဆံရေးရုံးအဖြစ်သာ ထားရှိလျှက်ရှိကြောင်း ပဒိုနဲထူးဗျိုင်း က ရှင်းပြသည်။
လက်ရှိအချိန်တွင် ဆက်ဆံရေးရုံး၏ ယာယီတာဝန်ခံအဖြစ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-KNLA တပ်ရင်း(၉)မှ ဗိုလ်ကြီးအိုင်း ဇက်နှင့် တပ်ရင်း(၈)မှ ဒုခွဲမှူး ဗိုလ်ထိုဆာအား တာဝန်ပေးအပ်ထားသည်ဟု သိရသည်။
အမည်မဖော်လိုသူ ကရင်ဒေသခံတစ်ဦးက “လက်ရှိမှာ အပစ်အခတ် ရပ်စဲထားတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အတော်လေးတော့ သတိ ထားရအုံးမှာပဲ။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းက အတော်အရေးကြီးတယ်။ မတော်လို့ ပျက်စီးသွားရင် ကျနော်တို့လူထုတွေပဲ ဒုက္ခ အခက်အခဲ အရင် ရင်ဆိုင်ရမှာ။ ဒါကြောင့်လည်း စိုးရိမ်နေရသေးတယ်”ဟု ပြောသည်။
ကျောက်ကြီးမြို့နယ်အတွင်း နေထိုင်နေကြသည့် ဒေသခံများအနက် ၇၅ရာခိုင်နှုန်းမှာ ကရင်လူမျိုးများဖြစ်ကြပြီး အများစုမှာ ကျဘမ်းအ လုပ်ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်လျှက်ရှိသည်။

ဗိုလ်မှူးချုပ်စောလားပွယ်အား ဖမ်းဆီးရန် ဆုငွေထုတ်ထားမှုကို ဒီကေဘီအေ တုံ့ပြန်သွားရန်ရှိ


ဧပြီလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

 ကလို့ထူးဘော စစ်ဦးစီးချုပ်ဗိုလ်မှူး ချုပ် စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)အား မူးယစ်ရာဇာအဖြစ် ထိုင်းအာဏာပိုင်များက သတ်မှတ်၍ ဖမ်းဆီးရန် ဆုလာဒ်ငွေထုတ်ခြင်းအပေါ် ပြန်လည်တုံ့ပြန်သွားရန်ရှိသည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)က ယနေ့ ပြောကြားလိုက်သည်။ DKBA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောဆန်းအောင်က “ဒီသတင်းနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာထုတ်ဖို့ အဖိုးနှုတ်ခမ်းမွှေးနဲ့ ခုနက ပဲ စကားပြောပြီးတယ်။ သူတို့(ထိုင်းအစိုးရ)က ဘယ်နေရာကို တွေ့လို့ ပြောဆိုတာလဲတော့ မသိဘူး။ အဖိုးနှုတ်ခမ်းမွှေးဟာ မူးယစ်ဆေး ၀ါး မလုပ်ဘူးဆိုတာ ကျနော်တို့ ထင်ထင်ရှားရှား သိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ဗိုလ်မှူးချုပ်စောလားပွယ်အပေါ် ဖမ်းဆီးရန် ဆုလာဒ်ငွေ ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းစားရှင်းလင်းပွဲတစ်ခု ပြုလုပ်ပေးသွားရန် လည်း ထိုင်းအစိုးရအား ဖိတ်ခေါ်မည်ဟု ဒီကေဘီအေဘက်က ပြောသည်။ “ထိုင်းအစိုးရအနေနဲ့ ကျနော်တို့ကို သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ပေးပါ။ သူတို့ လုံခြုံရေးအတွက် ဒီမှာလာလည်း မဲ့တစ်ပေါက်မှ မစွန်း စေရဘူး။ အာမခံတယ်။”ဟု ဗိုလ်မှူးစောဆန်းအောင်က ဆက်လက် ပြောဆိုသည်။ ထို့အပြင် ထိုင်းအစိုးရအနေဖြင့် ဒီကေဘီအေအဖွဲ့တွင်း မူးယစ်ဆေးတွေ့ရှိကြောင်း တိကျသည့် သတင်းအချက်အလက်ရရှိပါက ဒီကေ ဘီအေဖြစ်စေ၊ ဒေသခံရွာသားဖြစ်စေ၊ ရွာလူကြီးများဖြစ်စေ အကူအညီတောင်းခံလျှင် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ဧပြီလ ၂၀ရက်နေ့က မူးယစ်ဆေး ကုန်ကူးမှုတွင် ထိပ်တန်းစာရင်းသူ ၂၅ကျော်၏ အမည်ကို ဖမ်းဆီးနိုင်သူအား ထိုင်းဘတ်ငွေ ၁၂သန်း ဆုကြေးငွေပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ထိုင်းနိုင်ငံသား ၂၂ဦးနှင့် မြန်မာနိုင်ငံသား ၃ဦးတို့ ပါဝင်ကြပြီး မြန်မာနိုင်ငံသားများမှာ ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်း၊ တာချီ လိတ် နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ယီဆေးနှင့် DKBA မှ ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)တို့ ပါရှိသည်။ အဆိုပါ မြန်မာနိုင်ငံသား မူးယစ်ရာဇာ ၃ဦးတွင် စိုင်းနော်ခမ်းအတွက် ထိုင်းငွေဘတ် ၂သန်း၊ ယီဆေးနှင့် ဗိုလ်မှူးချုပ်စောလားပွယ်တို့အ တွက် ဘတ်ငွေ ၁သန်းအဖြစ် ဖမ်းဆီးနိုင်သူများအား ဆုလာဒ်ငွေပေးသွားမည်ဟုလည်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။

Tuesday 24 April 2012

Repatriation

Monday 23 April 2012

ခနောက်စိမ်း တူးဖော်မှုကို ဧပြီလကုန်တွင် ကေအဲန်ယူ ရပ်ဆိုင်းမည်

ဧပြီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မောလူ့တောင် (ဒေသခံအခေါ်)ရှိ ကုမ္ပဏီနှစ်ခု၏ ခနောက်စိမ်းတူးဖော်မှုကို ယခုဧပြီလကုန်တွင် ရပ်ဆိုင်းမည်ဟု သိရသည်။

KNU ဖာပွန်ခရိုင် ဥက္ကဌ ပဒိုစောထဲန်ဒယ်က “အရင်နှစ်တုန်းကတော့ နွေရာသီအချိန်မှာ ကုမ္ပဏီတွေကို ဇန်န၀ါရီလကနေ ဧပြီလအထိ တူးဖော်ခွင့်ပေးတယ်။ ဒီနှစ် ဒေသခံတွေက အခက်အခဲတွေ တင်ပြလာတော့ သူတို့အတွက် ကျနော်တို့ ထည့်စဉ်းစားပေးရမယ်။”ဟု ပြော သည်။

အဆိုပါ ခနောက်စိမ်း တူးဖော်သည့်နေရာသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်(ကေအဲန်ယူ ဖာပွန်ခရိုင်)နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ (ကေအဲန်ယူ သထုံခရိုင်) နယ်စပ်အကြားတွင် တည်ရှိပြီး ၂၀၀၆ခုနှစ်ကတည်းက ကေအဲန်ယူ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်အခြေစိုက် စိုင်းသူရပိုင် “မြင့်မြတ်စံ”ကုမ္ပဏီနှင့် ကိုချိုပိုင် “ထွဋ်ခေါင်” ကုမ္ပဏီတို့က စတင် တူးဖော်ခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေက သူတို့အတွက် ထိခိုက်မှုတွေ ရှိတယ်လို့ ကျနော်တို့ကို တင်ပြထားတာ ရှိတယ်လေ။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ဒီလ ကုန်အထိပဲ တူးဖော်ဖို့ ကျနော်တို့ ခွင့်ပြုတာဖြစ်တယ်။”ဟု KNU သထုံခရိုင် ဥက္ကဌ ပဒိုစောပဲနုက ကေအိုင်စီသို့ ပြောသည်။

သို့သော် တဂေးလောင်မှ ဒေသခံရွာသားများက ပြီးခဲ့သည့် ၂၀၀၆ခုနှစ်မှစ၍ ၎င်းတို့ဒေသအတွင်း ခနောက်စိမ်းတူးဖော်မှုများ ဆက်တိုက် ဖြစ်နေသည်မှာ လက်ရှိအချိန်ထိ ဖြစ်သည်ဟု ပြောသည်။

ခနောက်စိမ်း တူးဖော်သည့်နေရာမှ တဂေးလောင်းကျေးရွာဘက်သို့ စီးဆင်းလာသည့် ထီးချိဘောချောင်း (ဒေသခံအခေါ် တဂေးလောင်း ချောင်း) ဗွက်ရေကြောင့် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း လယ်ကွင်း ၂ကွင်း(ဧကအတိအကျ မသိ) အပါအ၀င် ကွမ်းခြံ ၉ခြံ၊ ကွမ်းပင်ခြံ ၄ခြံ နှင့် ငရုပ်ကောင်းခြံ ၃ခြံ ပျက်စီးသွားခဲ့သလို ၎င်းချောင်းရေကို သောက်သုံးရသည့် ကျွဲ၊ နွားများလည်း သေဆုံးမှုများ ရှိသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရွာသားများသည် ၎င်းတို့၏ ပျက်စီးသွားသော ဥယျာဉ်ခြံနှင့် လယ်ကွင်းများအတွက် လျော်ကြေးပေးရန် မတောင်းဆိုသော်လည်း ခနောက်စိမ်း တူးဖော်မှုများ ရပ်တန့်ပေးရန် ယခုနှစ်ဆန်းပိုင်းတွင် တောင်းဆိုတင်ပြခဲ့ပြီးနောက်ပိုင်း KNU အနေဖြင့် ခနောက်စိမ်း တူးဖော် သည့် ကုမ္ပဏီများကို ဧပြီလကုန်အထိသာ နောက်ဆုံးလုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ခနောက်စိမ်း လာရောက်တူးဖော်သည့် ကုမ္ပဏီများသည် KNU ထံ ငွေကြေးအခွန် ပေးဆောင်မှုများ ရှိသော်လည်း မည်မျှနှုန်းဖြင့် ကောက်ခံသည်ကိုမူ ကေအဲန်ယူမှ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရွှေအင်းလေး နှင့် တိှု့ဖူးနွေး



KNPP အဖွဲ့ ဦးအောင်မင်းနှင့် ဒုတိယအကြိမ်တွေ့ဆုံ

2012-04-22 RFA
အပစ်အခတ် ရပ်စဲထားတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်မြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ်။
ပြည်တောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ နော်ဝေးနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာ KNPP အဖွဲ့က ခူးဦးရယ် ခေါင်းဆောင်တဲ့ ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က ညနေပိုင်းမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ခူးဦးရယ်က အခုလို ပြောပါတယ်။
"ကျွန်တော်တို့ အရင်က ဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး သမ္မတဆီ ယူသွားပါဆိုတော့ သမ္မတကများ ဘာအတွေ့အကြုံများ ပြောလိုက်သလဲ။ တစ်ချက်ချင်းကို ဘယ်လိုများ သမ္မတက မိန့်မှာလိုက်သလဲ ဆိုတာကို ကျွန်တော်တို့ သူ့ကိုမေးတာ မြန်းတာ အလွတ်သဘောပါပဲ။ သဘောတူညီမှု ရပြီးနောက်ပိုင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ပတ်သက်ပြီးတော့ ဘာတွေများ ဖြစ်ပျက်ခဲ့သလဲပေါ့။ နောက် အဲဒါလေးတွေပဲ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အပ်ပ်ဒိတ် လုပ်တဲ့သဘောပါပဲ။ နောက် ပြည်တောင်စုအဆင့်ကို သွားဖို့အတွက် ဘယ်အချိန်များ နှစ်ဘက်စလုံးအတွက် အဆင်ပြေနိုင်မလဲ ဆိုတဲ့ အချိန်လေးကိုပဲ ကျွန်တော်တို့ ညှိကြတာပါ။ ဒါပေမယ့် သဘောတူညီတဲ့ အဆင့်တော့ မရောက်နိုင်သေးဘူး။"
လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ မတ်လဆန်းက အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီကြောင်း လက်မှတ်ထိုးခဲ့စဉ်က KNPP ဘက်ကနေ အချက် ၂၀ တင်ပြတောင်းဆိုထားပြီး အဲဒီထဲက အချက် ၄ ချက်ကို သဘောမတူ ဖြစ်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပြီးမှ အကြောင်းပြန်မယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲဟာ ယေဘုယျသဘော ပြောဆိုတာမျိုး ဖြစ်တဲ့အတွက် အသေးစိတ် ဆွေးနွေးတာတွေကို ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးချိန်မှ ဆက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

မလေးနယ်စပ်မှ မြန်မာ ၂ ဦး အချုပ်ကားအတွင်း သေဆုံး.........



ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာပြည်သား ၆၂ ဦးကို မနေ့က နေရပ်ရင်း ပြန်ပို့ရာမှာ သူတို့ထဲက ၂ ဦး ကားထဲမှာ သေဆုံးသွားပါတယ်။

သေဆုံးသူတွေကတော့ အသက် ၂၅ နဲ့ ၃၆ နှစ် အရွယ် အမျိုးသမီး တဦးနဲ့ အမျိုးသား တဦး ဖြစ်ပါတယ်။

သူတို့ကို ထိုင်း-မလေးရှား နယ်စပ်ကနေ ဖမ်းဆီး ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

အသက် ၄၃ နှစ်အရွယ် အချုပ်ကားမောင်းသူကို ရဲက စစ်ဆေးတော့ သူက “အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်သွန်မလို့ စောင်ခလာ (Songkhla) မြို့နယ်ကနေ မဲဆောက်မြို့က လ၀က အချုပ်ကို မောင်းလာတယ်၊ ဒါနဲ့ မဲဆောက်ကို ရောက်တော့ လူတွေ အားလုံး ကားပေါ်က ဆင်းတော့ ကားထဲမှာ ၂ ယောက်သေနေတာ တွေ့တော့ အာဏာပိုင်တွေကို သတင်းပို့ခဲ့ပါတယ်” လို့ ပြောဆိုကြောင်း ထိုင်း မန်နေဂျာ အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

၂ ယောက် သေဆုံးသွားတဲ့အကြောင်း ကားတစီးထဲ စီးလာတဲ့ လူတွေ သိ၊ မသိ ဆိုတာကိုတော့ သတင်းမှာ ရေးထားတာ မတွေရပါဘူး။

မဲဆောက်ဆေးရုံ တာဝန်ရှိသူတွေကတော့ ကားထဲမှာ တင်လာတဲ့ လူတွေကများတယ်၊ ကားစီးတဲ့ အချိန်က ကြာတယ် ဆိုတော့ အပူဒဏ်ကြောင့် ဖျားနာသေဆုံးတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ရုပ်အလောင်း ၂ ခု မဲဆောက်ဆေးရုံမှာ ရှိနေတယ်၊ သက်ဆိုင်ရာ မိသားစု နယ်စပ်ရောက်လာရင် ဆေးရုံအာဏာပိုင်တွေကို ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ် တဲ့။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် KNU တပ်ဖွဲ့ဝင် တဦးက “ထိုင်းအာဏာပိုင်တွေက ပြန်ပို့မယ် ဆိုရင် ကောင်းကောင်း ပြန်ပို့ရမယ်၊ ဘာလို့လဲဆိုတော့ ပြန်ပို့ရမယ့် ခရီးက ဝေးတယ်၊ နေပူတယ်၊ ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်မယ်ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီးတော့ ပြောဆိုကြောင်း ဒီနေ့ dailyworldtoday အင်တာနက် စာမျက်နှာမှာရေးထားပါတယ်။

ဒီဓာတ်ပုံမှာ ဖော်ပြထားချက်အရဆိုရင် မြန်မာပြည်သား ၆၂ ဦး ကို ကုန်တင်ကားနဲ့ သယ်ဆောင်လာတာ ဖြစ်ပါတယ်။

ထိုင်း-မလေးရှားနယ်စပ်က စောင်ခလာ (Songkhla) မြို့ ဆိုတာ ရနောင်း-ကော့သောင်းနဲ့ နီးပါတယ်။ ဒီလောက် ရာသီဥတု ပူပြင်းလွန်းတဲ့ အချိန်မှာ ပိုနီးတဲ့ အဲဒီ နယ်စပ်မြို့ကို မရွေးဘဲ ပိုဝေးတဲ့ မြ၀တီ မဲဆောက်ဒေသကို ရွေးတာ ဘာကြောင့်လဲ ဆိုတာ သတင်းတွေထဲမှာ ရေးမထားပါဘူး။

Friday 20 April 2012

ဘုရားသုံးဆူဒေသတွင် မွန်ပြည်သစ်ပါတီတပ်မှ ကားတစ်စီးကို ပစ်ခတ်

ဧပြီလ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲ တာဒိန်ကျေးရွာ အခြေစိုက် မွန်ပြည်သစ်ပါတီ-NMSP လက်အောက်ခံ တပ်ဖွဲ့ဝင်တစ်စုသည် တာဒိန်ရွာဂိတ်ကို ဖြတ်သန်းသွားသည့် ဆာ့ကား(ကားအသေး) တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ကားထဲတွင် ကိုယ်တိုင်ပါခဲ့သူတစ် ဦးက ပြောသည်။

ကားမောင်းသူ အပါအ၀င် သံဃာတော်နှစ်ပါးနှင့် အမျိုးသမီး သုံးဦး လိုက်ပါလာသည့် အဆိုပါကားမှာ ဧပြီလ ၁၈ရက်နေ့က ဘုရားသုံး ဆူမှ ထွက်ခွါ၍ မနက် ၆နာရီ၌ တာဒိန်ရောက်နေစဉ် NMSP မှ ဂိတ်စောင့်နေသူ နိုင်ငြိမ်းချမ်းက အမ်-၁၆ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ကားတွင် ကိုယ်တိုင်ပါသွားခဲ့သူ သံဃားတစ်ပါးဖြစ်သည့် ဦးဝဏ္ဏသီရိ ၀ါတော် ၁၈၀ါက ပြောသည်။

၎င်းက “ဦးပဉ္ဇင်းတို့ စီးလာတဲ့ ကားကို ဘာမှပြောဆိုတာ မရှိဘဲ ဒီလို သူတို့(NMSP)က သေနတ်ပစ်တာ ကျိုးကြောင်း ဆီလျော်မှု မရှိဘူး။ သူတို့က ကားသမားကို ပစ်တယ်လို့ ပြောတယ်။ ကားသမားလည်း ဘာမှ အပြစ်ရှိတာမှ မဟုတ်တာ။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းကားပေါ်တွင် ဘုရားသုံးဆူ အမှတ်(၃) ရပ်ကွက်မှ ဓမ္မဟေ၀န် ပရဟိတကျောင်းထိုင်ဆရာတော် ဦးဥာဏောဘာသ (၃၂၀ါ)နှင့်အတူ ဆရာတော်၏ ညီမတော်နှင့် တူမ တော်စပ်သူ ၂ဦးကို ဖားအံမြို့သို့ ပို့ဆောင်ရန် ပါလာခဲ့ပြီး ယခုလို တာဒိန်အရောက်တွင် အခင်းဖြစ်ပွားခဲ့ ခြင်းလည်း ဖြစ်သည်။
သို့သော် ပစ်ခတ်မှုကြောင့် တစုံတရာ ထိခိုက်မှု မရှိသော်လည်း ဒေသတွင်း မတည်ငြိမ်မှုနှင့် မလိုလားအပ်သည့် ပဋိပက္ခများ တိုးပွားလာ နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
အခင်းဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းတွင် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူ ၄ဦးသည် ဓမ္မဟေ၀န် ပရဟိတကျောင်းတွင် ဆရာတော်အား ၁နာရီခန့် လာရောက်လျှောက်တင် တောင်းပန်ခဲ့သည်ဟု ဦးဝဏ္ဏသီရိက ပြောသည်။
၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူအား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပါ။
တာဒိန်တွင် အခြေစိုက်နေသည့် မွန်ပြည်သစ်ပါတီ လက်အောက်ခံများသည် ကားဖြင့် ဖြတ်သန်းသွားလာနေသည့် ခရီးသည်များကို ယခင်က စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သော်လည်း ပစ်ခတ်သည်အထိ မရှိခဲ့ဖူးကြောင်း သိရသည်။

Thursday 19 April 2012

ကတိတည်ပါစေ

ဒေါ်အာင်ဆန်းစုကြည် နော်ဝေးနဲ့ ဗြိတိန်ကို ဇွန်လအတွင်းသွားမည်


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ပ ခရီးစဉ်ထွက်ဖို့ စီစဉ်ထားပါတယ်။ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လထဲ နော်ဝေးနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ VOA ဘန်ကောက်ရုံးကနေ Danielle Bernstein က သတင်းရေးသားပေးပို့ထားပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ သူ့နေအိမ်ကနေ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ရှိရာရန်ကုန်မြို့ကို ၁၉၈၈ ခုနှစ် လာရောက်ပြီးကတည်းက မြန်မာပြည်ကနေ ပြန်မထွက်ဖြစ်တော့တာပါ။ ဒီနောက်ပိုင်း ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်းကနေ လူထုခေါင်းဆောင်ဖြစ်လာပြီး ဒီမိုကရေစီပြယုဒ် အဖြစ်နဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက သူဟာ ပြည်ပမထွက်တော့ဘဲ မြန်မာပြည်ထဲမှာပဲ နေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ အင်္ဂလန်မှာ ကင်ဆာရောဂါ ခံစားနေရချိန်မှာတောင် ပြည်ပ မထွက်ဖြစ်ခဲ့ပါဘူး။ ပြည်ပ ထွက်သွားပြီး တဲ့နောက် မြန်မာစစ်အာဏာပိုင်တွေဘက်က သူမကို ပြန်ပြီး ပြည်ဝင်ခွင့်မပေးမှာ စိုးရိမ်ခဲ့တာကြောင့်ပါ။

မကြာခင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပြီးတဲ့ နောက်ပိုင်း ပြည်ပခရီးထွက်ဖို့ အစီအစဉ်ဖြစ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင် ဇွန်လထဲ နော်ဝေးနိုင်ငံထဲကို လာရောက်ဖို့ အစီအစဉ်ရှိတယ် လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Svein Michelsen က ပြောပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နော်ဝေးကို အလည်အပတ် လာနိုင်ဖို့ ဆွေးနွေးခဲ့တယ်ဆိုတာကို အတည်ပြုပေးနိုင်ပါတယ်။ လာမယ့် ဇွန်လထဲ ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေးမှာဧည့်ခံဖို့ ကျနော်တို့ အခု စီစဉ်နေပါတယ်။ သူ နော်ဝေး အလည်အပတ်လာဖို့ ကျနော်တို့ အများကြီး မျှော်လင့်ထားတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်ကိုလည်း သွားရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ကွယ်လွန်သူ ခင်ပွန်းသည် Michael Aris တွေ့ဆုံခဲ့တဲ့ အင်္ဂလန်မှာ လက်ရှိတော့ သူရဲ့ သားနှစ်ဦး နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ရန်ကုန်ကို လာရောက်သွားတဲ့ ၀န်ကြီးချုပ် ဒေးဗစ်ကမ်မရွန်နဲ့လည်း အင်္ဂလန် သွားမယ့် ခရီးစဉ်ကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း ဒီသတင်းကို ဗွီအိုအေကို အတည်ပြုပါတယ်။

“ဒေါ်စုကပြောပါတယ်၊ ဇွန်လထဲမှာ နိုင်ငံခြားခရီးသွားဖို့ စီစဉ်ထားတယ်၊ နော်ဝေးကို သွားဖြစ်မယ်၊ UK ကို သွားဖြစ်မယ်။ အဲဒီလို ပြောပါတယ်။ အသေးစိတ်ကိုတော့ ကျနော်မသိဘူး။ ဒါပေမယ့် ဒေါ်စုပြောတဲ့ ထဲမှာ အောက်စ်ဖို့မှာ နှစ်စဉ်ကျင်းပနေတဲ့ အစည်းအဝေး၊ အဲဒီအစည်းအဝေးတက်ဖို့ အစီအစဉ်ရှိတယ် လို့တော့ ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ခံနေရချိန် ၁၉၉၁ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပါတယ်။ နိုင်ငံတကာဆုကို လက်ခံယူဖို့ အာဏာပိုင်တွေက တားမြစ်တာမျိုး မရှိပေမယ့် ပြည်ပ သွားပြီးရင် မြန်မာပြည် ပြန်ဝင်ခွင့် မရမှာ စိုးတာကြောင့် ပြည်ပက သူ့ကို ပေးတဲ့ဆုတွေကို ကိုယ်တိုင် သွားရောက် မယူနိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေကြောင့် အစဉ်အလာလိုဖြစ်တဲ့ နော်ဗယ်ဆုရှင်ရဲ့မိန့်ခွန်း စကားကို ဒေါ်အောင်ဆန်းစုကြည် မပြောနိုင်ခဲ့တာ အခုအချိန်အထိပါပဲလို့ Nobel Institute က Sigrid Langebrekke က ပြောပါတယ်။

“အခုဇွန်လ ၂၅ ရက်နေ့ သီတင်းပတ်မှာဖြစ်မယ်လို့ ကျမတို့ ပြောနေကြတာပါပဲ။ ဒါပေမယ့် ဘယ်ရက် အတိအကျဖြစ်မယ်ဆိုတာနဲ့ သူဘက်က အတည်ပြုချက် မရသေးပါဘူး။ သူ့ကို အကြိမ်ပေါင်းများစွာ ကျမတို့ ဖိတ်ကြားခဲ့ပါတယ်။ ပြည်ပထွက်လာဖြစ်ရင် နော်ဝေးနိုင်ငံကို ပထမဆုံးလာဖြစ်မယ်လို့ သူဘက်က အဖြေပဲ ရပါတယ်။ အခုတော့ နော်ဝေးကို သူ လာပါတော့မယ်။ နိုဗယ်ဆုရှင် မိန့်ခွန်းစကား ကြားရတော့မှာပါ။”

အခုလာမယ့် ဧပြီ ၂၃ ရက်မှာ ပြည်သူ့လွှတ်တော်ခေါ်ယူမှာမို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ရှိပါတယ်။ ဒါဆိုရင်တော့ စစ်တပ်ကိုယ်စားလှယ်နဲ့ စစ်တပ်က နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစုပါဝင်တဲ့ လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်လာဖို့ ရှိပါတယ်။

DKBA ဒေသ ပြန်လည် နေရာ ချထားရေး

Refugee_01နယ်စပ်နေ ပြည်သူများ ပြန်လည် နေရာ ချထားနိုင်ရန် အတွက် မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင် အပါဝင် အစိုးရဌာန ပေါင်း ၁၄ ခုမှ တာဝန်ရှိ သူများသည် မြ၀တီမြို့နယ်အတွင်း ၌ရှိသော ကလိုထူးဘော ကရင် အမျိုးသား အစည်းအရုံး (KKO) ၏ ထိန်းချုပ်ရာဒေသ ဖြစ်သည့် ဝေါ်လေနှင့် ချူးကလိ ဒေသကို ယမန်နေ့က ကွင်းဆင်း လေ့လာ ခဲ့သည်ဟု KKO ပြောခွင့်ရသူက ဆိုပါသည်။
“အဓိက ကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည် စခန်းက လူတွေကို ပြန်လည်နေရာ ချထားဖို့ ဖြစ်ပါတယ်။ အဲဒီအစီ အစဉ် နဲ့ သူတို့ရောက်လာကြတယ်။ ကရင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ အစီစဉ်တခုပေါ့ဗျာ။ လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ကတော့ အခုလာကြည့်တဲ့နေရာက ကျနော်တို့ လုပ်ပိုင်ခွင့် မရှိတဲ့နေရာ ဖြစ်တဲ့အကြောင်း ဒီနေရာတွေက ကေအန်ယူတို့၊ ကေအာရ် စီတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့နဲ့ တင်ပြဆွေးနွေး ရလိမ့်မယ်လို့ KKO ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။ KKO အဖွဲ့နှင့် ဆွေးနွေးပြီးနောက် အစိုးရ လေ့လာရေးအဖွဲ့သည်၊ (၂) ရက်တာ နေပြီး မြ၀တီကို ပြန်မည်ဖြစ်ပါသည်။ အစိုးရ သည်၊ ထိုင်းနိုင်ငံကို ရောက်ရှိနေသော မြန်မာဒုက္ခသည် စခန်းကို ပြန်လည် နေရာချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KKO ဖက် က ယူဆနေပါသည်။ သို့သော် လက်ရှိအစိုးရ၏ အခြေအနေ အတိုင်း ဆိုလျှင် ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် မြန်မာ ဒုက္ခ သည်များကမူ မြန်မာနိုင်ငံကို ပြန်ရန် အချိန် စောလွန်းသေကြောင်း၊  မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ အမျိုးသားပြန် လည်သင့် မြတ်ရေးမရမချင်း ဒုက္ခသည်များ နေရပ်ပြန်ရေးသည်၊ မဖြစ်နိုင်သေးကြောင်းနို့ဖိုး ဒုက္ခသည်စခန်း တာဝန်ခံတဦးက ပြောပါသည်။ 
“ အစိုးရကတော့ ဒုက္ခသည် စခန်းကို ဖျက်ချင်နေတာလေ၊ တကယ့် ပြသနာကိုတော့ ဖြေရှင်း မပေးဘူးလေ၊ အခု ကြည့် အပစ်ရပ်ရေး အခွင့်အရေးရတာနဲ့ နိုင်ငံတကာကို သွားတဲ့လူသွား၊ နေရာချထားရေး လုပ်တဲ့လူကလုပ်နဲ့ ပျာများနေတာ၊ ဒါကတော့ သူတို့ စိတ်ရင်းကို မြင်နေရတယ်၊ ဒီတော့ ဒီကိစ္စသူတို့ လုပ်ပြပြီးရင် ဘာဆက်လုပ်မယ် ထင်လဲ၊ သူတို့တပ်တွေ လွှတ်ပြီးတော့ အဲဒီ လူထုတွေကို ချုပ်ချယ်ခိုင်းမယ်၊ ပြီးတော့ နှိပ်စက်ဦးမယ်၊ တောက်လျှောက် လုပ်ရပ်က အဲဒါဘဲလေ၊ ဟု နို့ဖိုးဒုက္ခသည် စခန်း တာဝန်ခံ တဦးက ပြောပါသည်။
Refugee_02မြန်မာ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို ထိုင်းနိုင်ငံကလည်း လိုလားနေပါသည်။ ပြီးခဲ့သည့် လပိုင်းများတွင် ဒုက္ခ သည် စခန်းတိုင်းကို သွားပြီး နေရပ်ပြန်ရေးကို စည်းရုံးလှုပ်ဆော် ခဲ့သည်ဟု ဒုက္ခသည် စခန်း တာဝန်ခံများက ပြောကြ ပါသည်။ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေသော ဒုက္ခသည်များမှာ  ဒုက္ခသည် များကို ပူးပေါင်း ကူညီပေးနေတဲ့ (TBBC) အဖွဲ့၏ စာရင်းအရ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း ၁ သိန်းခွဲ ခန့် ရှိတယ်လို့ ဖော်ပြ ထားပါသည်၊ ဤသို့ကြောင့် ဤတာ ၀န်ကို ထမ်းဆောင်နေရသော ထိုင်းနိုင်ငံအဖို့ကလည်း ဤပြသနာကို မြန်မြန် ပြေလည်စေချင်နေကြပါသည်။

Wednesday 18 April 2012

ကေအိုင်အေတပ်သား ၃၅ ယောက် အစိုးရထံ လက်နက်ချ


ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က လက်နက်မျိုးစုံ ၂၃လက်နဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အခြေချနေတဲ့ အစိုးရ တပ် စခန်းကို လာရောက် လက်နက်ချခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက် ချလာ သူတွေ ဟာ KIAက အဓမ္မ တပ်သားသစ်စုဆောင်းခံရ သူတွေဖြစ်တာကြောင့်  ပြန်လာ တာဖြစ်ကြောင်းပြောဆိုပြီး KIA ဘက်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ဒီသတင်း မကြားသိသေးကြောင်း နဲ့ အတင်းအကျပ် ကောက်ယူတာ မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAက တပ်ကြပ်ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၅ယောက် ဟာ မြစ်ကြီးနား မြို့နယ် တာလောကြီး ကျေးရွာမှာ အခြေချနေတဲ့ ခလရ ၃၇ တပ်စခန်းကို ဒီလ ၁၆ရက်နေ့ မနက်ပိုင်း က  လက်နက်ချဝင်ရောက်လာတာဖြစ်ပါတယ်။
ဒီလို ၀င်ရောက်လာသူတွေကို ခလရ ၃၇က ဒုရင်းမှုးက လက်ခံပြီး နေရာချထားပေးတယ်လို့ တာလောကြီး ရွာသား တယောက်က ပြောပါတယ်။
-   သူတို့က သူတို့ကို ဦးဆောင်ခဲ့တဲ့ စစ်ကြောင်းမှုးကိုတော့ မပါလာဘူး။ သူက ကချင်လေ။ သူနဲ့ အပြန်အလှန်ဖြစ်ပြီးမှ သူတို့ တပ်စိတ်မှုးတွေပဲ အချင်းချင်းညှိနှိုင်းပြီးမှ ဒီဘက် ထွက်ခဲ့ကြတာ။ သူတို့ ၃၅ယောက်။ လက်နက်မျိုးစုံ ၂၃လက်ပါတယ်။ အားလုံး အမှတ် ၃၇ သူတို့ တူးအိုင်စီကိုယ်တိုင် အဲဒီ ကိစ္စကို နေရာချထားပေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ။
ပြန်လည်ဝင်ရောက်လာသူတွေဟာ ရှမ်း၊ ဗမာနဲ့ ကချင် လူမျိုးတွေဖြစ်တယ်လို့ လည်း ပြောပါတယ်။
အခုလို ပြန်လည်ဝင်ရောက်လာသူတွေဟာ သူတို့ စိတ်ဆန္ဒမပါဘဲ အမှုထမ်းရသူတွေဖြစ်တာကြောင့် ပြန် လာတာဖြစ်တယ်။ ဒီလို ပြန်လာတာကြောင့် သူတို့ ရွာလုံခြုံရေးထိခိုက်မှာလည်း စိုးရိမ်နေရတယ်လို့ တာလောကြီး ရွာသားက ဆက်ပြောပါတယ်။
-       သူတို့က KIA တွေ ပေါ်တာဆွဲပြီး ဖမ်းသွားတာတွေ၊ နောက်တခါ ဖိအားပေးပြီး စာနဲ့ ဆင့်ပြီး ခြိမ်းခြောက်ခေါ်ခံရသူတွေ၊ နောက်ဆုံး လုပ်ငန်းခွင်မှာ အဖမ်းအဆီးခံရတဲ့ ကလေးတွေ ချည်း ပဲ။ ပြဿနာတော့ ရှာမှာပဲ။ အရင့်အရင် ဒါမျိုးထွက်ခဲ့သူတွေကို မိသားစုကို ရန်ရှာတာတို့၊ သူတို့ ဆွေမျိုးတော်စပ်သူကို ရန်ရှာတာတို့ အစဉ်အလာ ရှိခဲ့ဖူးတယ်။ အခုလည်း ပြောလို့ မရဘူးလေ။ သူတို့ လုပ်ရိုးလုပ်စဉ်တွေ ဆိုတော့ ရှာဖို့တော့ များပါတယ်။ အစိုးရက ဘယ်လောက်ထိ ကာကွယ်ပေးနိုင် မလဲ ဆိုတော့ ဒီလုပ်ငန်းခွင်မှာတော့ တာဝန်ယူကာကွယ်လို့ မရပေမဲ့ ကျေးရွာ တခုလုံး လုံခြုံမှုကိုတော့ အမှတ် ၃၇ ကနေ တာဝန်ယူပြီး စောင့်ရှောက်ပေးနေတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ရာ မှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
KIA အဆင့်မြင့် အရာရှိတယောက်ကတော့ လက်နက်ချတဲ့သတင်းကို အတိအကျ မသိ ရသေးကြောင်း  ပြောပါတယ်။ ဒေသခံတွေ ပြောသလို KIA က အတင်းအကျပ် စစ်သား စုဆောင်း ကောက်ယူ သလား ဆိုတာကိုတော့ KIA အရာရှိက အခုလို ဖြေပါတယ်။
-    မူဝါဒတော့ အဲလို မရှိဘူး။ ဒါမျိုးတော့ မရှိဘူးလေ ကျနော်တို့က။ ဟိုဘက် ရောက်သွားရင်တော့ အဲလိုပဲ ပြောရမှာပေါ့ကွာ။ အဲလို မပြောရင်တော့ သက်သာမှာ မဟုတ်ဘူးလေ။
လောလောဆည်မှာတော့ ကချင်ပြည်နယ် ၀ိုင်းမော်ဒေသ၊ မိုးမောက်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
KIA နဲ့ မြန်မာအစိုးရတပ်တွေအကြားမှာ ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာက တိုက်ပွဲတွေ ပြန်လည် စတင် နေတာ အခုဆိုရင် ၁၀ကျော်လာပြီ ဖြစ်ပါတယ်။
ဒီတိုက်ပွဲပြန်စခဲ့တဲ့ အစောပိုင်း ၂လတာ ကာလအတွင်းမှာ အစိုးရတပ်တွေက အမျိုးသမီးနဲ့ မိန်းကလေး ငယ် ၃၇ ယောက်ကို အဓမ္မ ပြုကျင့်ခဲ့ပြီး ၁၃ယောက်သတ်ဖြတ်ခဲ့တယ်လို့ ကချင်အမျိုးသမီးအဖွဲ့က  အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရပိုင်သတင်းစာတွေကတော့ KIA အဖွဲ့တွေက လမ်း၊ တံတားတွေ၊ မီးရထားသံလမ်းတွေကို မိုင်းခွဲ ဖျက်ဆီး ခဲ့ကြောင်း နဲ့ အဓမ္မ လူသစ်ကောက်ယူစုဆောင်းနေကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အခုလက်ရှိအချိန်မှာတော့ လောလောဆည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၆သောင်းလောက် ဟာ ကချင်ပြည်နယ်အတွင်း မြို့ကြီးတွေနဲ့ တရုတ်မြန်မာနယ်စပ်ဒေသဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေ ရ ပါတယ်။
KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြားမှာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အနည်းဆုံး ၃ကြိမ်ဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့အထိတော့ မအောင်မြင်သေးပါဘူး။

KNU တပ်မဟာ၎-တနင်္သာရီတိုင်း ငြိမ်းခြမ်းရေးဆွေးနွေးပွဲ (ရုပ်သံ)

Monday 16 April 2012

မြစ်ဆုံရေကာတာထဲ ခရစ်ယာန် လက်ဝါးကပ်တိုင် ဆုတောင်းခြင်းကို ရဲများ မေးမြန်း

16 April 2012 By KNG

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ ဧရိယာထဲ ကချင်နှစ်ခြင်းခရစ်ယာန် လက်ဝါးကပ်တိုင်တောင်တွင် အထူး ဆုတောင်း အစီအစဉ် ပြုလုပ်ခြင်းကြောင့် မြစ်ဆုံ တန်ဖရဲကျေးရွာမှ သင်းအုပ်ဆရာ Rev. ဘရန်နူးအား ရဲများ မေးမြန်းရန် ဧပြီ ၁၆၊ ယနေ့ဆင့်ခေါ်လိုက်ကြောင်း ရွာသားများပြောသည်။

ရေကာတာ စီမံကိန်းအထဲမှ ရွာသားများကို ပြန်လည်နေရာချပေးသည့် အစိုးရ အောင်မြင်သာ စံပြကျေးရွာမှ ပြည်သူ့ရဲများက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သင်းအုပ်ဆရာဘရန်နူးမှာ မသွားပဲနေသည် ဟု အသင်းတော်က ဆိုသည်။

ဆုတောင်းပွဲကို ဧပြီ ၁၅ ရက် တနင်္ဂနွေနေ့ Easter Sunday ၀တ်ပြုကိုးကွယ်ခြင်းနှင့်အတူ ပူးတွဲ၍ လက်ဝါးကပ်တိုင် စိုက်ထူထားသောနေရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention)မှ အသင်းတော် ဆရာများနှင့် တန်ဖရဲရွာသားများ ၅၀ ကျော် တက်ရောက်ခဲ့သည်။

လက်ဝါးကပ်တိုင်ကို မလိခ-အင်မိုင်ခ (မလိခ-မေခ)မြစ်နှစ်ခု ဆုံဆည်းရာ မြစ်ဆုံအနီး အရှေ့ဘက်တောင်ထိပ်တွင် မြစ်ဆုံရွာ တန်ဖရဲမှ နှစ်ခြင်းနှင့် ရိုမန်ကတ်သလစ် အသင်းတော်တို့မှ လက်ဝါးကပ်တိုင်ကြီး နှစ်ခုအား နေရာတခုစီတွင် သီးခြား စိုက်ထူထားခြင်းဖြစ်သည်။

prayer-service-myitsone-dam
ဧပြီ ၁၅၊ ၂၀၁၂ ရက်က Easter Sunday ၀တ်ပြုဆုတောင်းခြင်း အစီအစဉ်အား မြစ်ဆုံရေကာစီမံကိန်း ဧရိယာရှိ ကချင်နှစ်ခြင်းခရစ်ယာန် လက်ဝါးကပ်တိုင် တောင်တွင် ပြုလုပ်ခဲ့သည်။
tanghpre-village-postertanghpre-rc-churchtanghpre-bridge
၎င်းလက်ဝါးကပ်တိုင်များကို ပြောင်းရွှေ့ပေးရန် မြစ်ဆုံရေကာတာစီမံကိန်း တာဝန်ယူတည်ဆောက်နေသည့် မြန်မာပြည်မှ အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် စီပီအိုင် (China Power Investment Corporation, CPI) တို့က အသင်းတော် နှစ်ပါးမှ ခေါင်းဆောင်များအား ၂၀၁၁ ယမန်နှစ်မှ ဖိအားပေးနေခြင်းဖြစ်သည်။

သို့သော် အသင်းတော်များမှ ပြောင်းရွှေ့ပေးခြင်းမရှိပဲ ၄င်းလက်ဝါးကပ်တိုင်ကို ကြွေပြားဖြင့်ပြန်လည် ပြုပြင်မွန်းမံပြီး ဆုတောင်းရာတွင် “လက်ဝါးကပ်တိုင်နှင့် ဧရာဝတီ မြစ်ဆုံ ထာဝရတည်မြဲပါစေ” ဟူသော ရည်ရွယ်ချက်ဖြင့် ဆုတောင်းခြင်းဖြစ်သည် ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ စားဂျီးကပြောသည်။

ထို့အတူ CPI ကုမ္ပဏီမှ ယခုသင်္ကြန်ပွဲပြီးလျင် တန်ဖရဲ ဒေသခံများနှင့် အစည်းအဝေးပြန်လည်ကျင်းပရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

ယင်းအစည်းအဝေးတွင် မြစ်ဆုံရေကာတာသည် ဒေသခံပြည်သူများအတွက် အကျိုးအများကြီးရှိကြောင်း အကောင်းဘက်က ရှင်းလင်းပြောကြားရန်ဖြစ်ပြီး ဆုံးရှုံးသွားသည့် အိမ်ခြံမြေများအတွက်လည်း ထပ်ပိုး ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပြောထားသည်ဟု စားဂျီးကပြောသည်။

သင်္ကြန်အပြီးနောက်ပိုင်းမှ တန်ဖရဲရွာတွင် ဒေသခံများ “လုံးဝ မရှိရ” ဟု အစိုးရ ရွှေ့ပြောင်း အောင်မြင်သာရွာ အုပ်ချုပ်ရေးရုံးမှ သတိပေးထားသည်ဟု ရွာသားများဆိုသည်။

ဧပြီ ၁၄ ရက် စနေနေ့တွင်လည်း နောက်ထပ် မြန်မာအစိုးရစစ်သား ၁၀၀ ကျော် စစ်ကား (၄) စီးဖြင့် တန်ဖရဲရွာသို့ ရောက်ရှိလာသည်ဟု ရွာသားများဆိုသည်။

တန်ဖရဲရွာသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းပေါ်တည်ရှိပြီး စစ်သားများက ရွာထဲဖြတ်သွားသည့် ကုန်တင်ကားများမှ အဓမ္မငွေကြေးကောက်ခံနေရာ ပြီးခဲ့သည့်အပတ်မှ ပိုမိုခြိမ်းခြောက် ကောက်ခံလာကြောင်းသိရသည်။

ဝတပ်ဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ၂၃ နှစ်ပြည့်​ အခမ်း​အနား​ ကျင်း​ပ

by နန်းမြနဒီ   ·   RFA
ဝပြည် ​သွေး​စည်း​ညီညွတ်​ရေး​အဖွဲ့​ (ယူဒဗလျူအက်စ်​အေ) ငြိမ်း​ချမ်း​ရေး​ ၂၃ နှစ်ပြည့်​ အခမ်း​အနား​ကို ၀ ထိန်း​ချုပ်နယ်​မြေမှာ ကျင်း​ပ​နေပါတယ်။
ငြိမ်း​ချမ်း​ရေး​အထိမ်း​ အမှတ်ပွဲကို ရှမ်း​ပြည်နယ် အ​ရှေ့​ပိုင်း​ ယူဒဗလျူအက်စ်​အေ ထိန်း​ချုပ်နယ်​မြေ မိုင်း​ပေါက်မြို့​က စစ်​လေ့​ကျင့်​ရေး​ကွင်း​မှာ ဧပြီ ၁၀ ရက်​နေ့​က စပြီး​ ကျင်း​ပ​နေပြီး​ ဝတ်စုံပြည့်​ ချီတက်ပွဲ အခမ်း​အနား​ကို​တော့​ မနက်ဖြန်မနက် ၈ နာရီခွဲမှာ ကျင်း​ပမယ်လို့​ ယူဒဗလျူအက်စ်​အေ ပြင်ပ ဆက်ဆံ​ရေး​ဌာန ဒုတိယဌာနကြီး​မှူး​ ဦး​စံခွန်း​က ​ပြောပါတယ်။
“တကယ့်​နေ့​ပေါ့​နော်။ ဧပြီလ ၁၇ ရက်​နေ့​ဆိုတာက ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ပြီး​ အာဏာသိမ်း​တဲ့​နေ့​။ တကယ့်​ကျင်း​ပမှာက မနက်ဖြန်မှာ။ ၁၀ ရက်​နေ့​က စပြီး​တော့​ ခရိုင်အသီး​သီး​က​နေ ​ပြေး​ခုန်ပစ်တို့​၊​ ဘတ်စကတ်​ဘော၊​ လွန်ဆွဲပွဲတို့​ တ​လေ်ွာက်လုံး​ ကျင်း​ပလာခဲ့​တယ်။ ညဆိုလည်း​ ​ဖျော်​ဖြေ​ရေး​၊​ ယဉ်​ကျေး​မှုပွဲ ​ဖျော်​ဖြေ အကပြိုင်တာ​တွေ ရှိတယ်။”
အခမ်း​အနား​ကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ ခရိုင် ၆ ခုက ၀ အရာရှိအရာခံ တပ်သား​တွေ၊​ ယူဒဗလျူအက်စ်​အေ မဟာမိတ် မိုင်း​လား​တပ်ဖွဲ့​က ကိုယ်စား​လှယ်​တွေ တက်​ရောက်မှာ ဖြစ်ပါတယ်။
ဒါ့​အပြင် တရုတ်ပြည်ဘက်က ဧည့်​သည်​တွေ၊​ ၀ ​ဒေသမှာ ဝင်​ရောက်အကူအညီ​ပေး​နေတဲ့​ နယ်စပ်​ဒေသ တိုင်း​ရင်း​သား​လူမျိုး​များ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ (နတလ) ဝန်ထမ်း​နဲ့​ ကမ္ဘာ့​ကုလသမဂ္ဂ စား​နပ်ရိက္ခာ ဖွံ့​ဖြိုး​ရေး​အစီအစဉ်က ဝန်ထမ်း​တွေ၊​ အန်ဂျီအိုအဖွဲ့​တွေလည်း​ တက်​ရောက်ဖို့​ ဖိတ်ကြား​ထား​တယ်လို့​ ဦး​စံခွန်း​က ​ပြောပါတယ်။
တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့​တွေထဲက စစ်သည်အင်အား​ အ​တောင့်​တင်း​ဆုံး​ဖြစ်တဲ့​ ယူဒဗလျူအက်စ်​အေတပ်ဖွဲ့​ဟာ ၁၉၈၉ ခုနှစ်၊​ ​မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က​နေ ခွဲထွက်ပြီး​ နဝတအစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ပြုလုပ်ခဲ့​ပါတယ်။
နဝတ အစိုး​ရက ရှမ်း​ပြည်​မြောက်ပိုင်း​အထူး​ဒေသ (၂) လို့​ သတ်မှတ်​ပေး​ပြီး​ ကိုယ်ပိုင်အုပ်ချုပ်​ရေး​အသွင်နဲ့​ မိမိနယ်​မြေဖွံ့​ဖြိုး​ရေး​တွေ လုပ်​ဆောင်ခဲ့​ပြီး​ ၂၀၀၉ ခုနှစ်မှာ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကိစ္စနဲ့​ ပတ်သက်ပြီး​ နအဖအစိုး​ရနဲ့​ အ​ခြေအ​နေ တင်း​မာခဲ့​ပါတယ်။
၂၀၁၁ မှာ ဦး​သိန်း​စိန်အစိုး​ရက တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ခဲ့​ရာမှာ ၂၀၁၁ ဒီဇင်ဘာလ ၂၆ ရက်​နေ့​မှာ ပြည်​ထောင်စုအဆင့်​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူလက်မှတ် ထိုး​ခဲ့​ပါတယ်။

Saturday 14 April 2012

British PM David Cameron and Aung San Suu Kyi hold a press conference

ပိတ်ဆို့မှုများ ဆိုင်းငံ့ထားသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒေါ်စု ပြော


နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း(David Cameron)က ၎င်းအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား “ဆိုင်းငံ့ထား”သင့်ကြောင်း ပြောဆိုလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလိုက်သည်။
ဧပြီလ ၁၃ ရက်နေ့က ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံး ဆိုင်းငံ့ထားသင့်ကြောင်း မစ္စတာကမရွန်းက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလိုက်သည်။ ဧပြီလ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ ၀န်ကြီးများအစည်းအဝေးတွင် အဆိုပါ ပိတ်ဆို့မှုများအရေး ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။
ဧပြီလ ၁၃ ရက်နေ့က ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံး ဆိုင်းငံ့ထားသင့်ကြောင်း မစ္စတာကမရွန်းက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလိုက်သည်။ ဧပြီလ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ ၀န်ကြီးများအစည်းအဝေးတွင် အဆိုပါ ပိတ်ဆို့မှုများအရေး ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမရွန်းတို့
သောကြာနေ့က တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားတာ မှန်တယ်လို့ ကျနော်ထင်ပါတယ်။ ဆိုင်းငံ့ထားဖို့ပါ။ ရုတ်သိမ်းလိုက်ဖို့ မဟုတ်ပါဘူး။ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှု ပိတ်ပင်တာတော့ မပါပါဘူး” ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုရွေးချယ်မှုအား သဘောတူကြောင်း
ပြောဆိုလိုက်သည်။

“ကျမအနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်တာနဲ့စာရင် ဆိုင်းငံ့တယ်ဆိုတဲ့ အယူအဆကို
ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ အခြား ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့
အခန်းကဏ္ဍကို အသိအမှတ်ပြုမှု ဖြစ်ပါမယ်” ဟု သဘောထား ပေးကာ ဗြိတိန်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်မှာ အချိန်ကိုက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အရှေ့အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ သောကြာနေ့က ရောက်ရှိလာသည့် ဗြိတိန်ဝန်ကြီးချုပ်သည်
နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ပြီးနောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကြခြင်းဖြစ်သည်။

မည်သည့် ပိတ်ဆို့မှုများ ဆိုင်းငံ့ထားမည်ဆိုသည်ကို ရှင်းလင်းတိကျစွာ သိနိုင်ရန် မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်၏ အမေးကို ဗြိတိန်ဝန်ကြီးချုပ်က ဖြေကြားရာတွင် “ဒီ ပိတ်ဆို့မှု ဆိုင်းငံ့ထားခြင်းဆိုတာ စစ်လက်နက် ရောင်းဝယ်မှုတားဆီးခြင်းကိစ္စမှအပ အားလုံးအကျုံးဝင်ပါတယ်” ဟု ပြန်လည်ဖြေကြားသွားခဲ့ပြီး ဧပြီလအတွင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ပြောဆိုသွားခဲ့သည်။

“မြန်မာပြည်ဟာ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုသာမကဘဲ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး တိုးတက်မှုတွေလည်း အလွန်အမင်း လိုအပ်နေပါတယ်”ဟု ပြောဆိုလိုက်သည့် မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်းတွင် ထိပ်တန်း ဗြိတိသျှကုမ္ပဏီ ၁၀ ခုလည်း လိုက်ပါလာခဲ့ကြသည်။

မစ္စတာကမရွန်းမှာ မြန်မာပြည်အခြေအနေအား “ကိုယ်တိုင်ကိုယ်ကျ သိမြင်ချင်” ၍ လာရောက်ခဲ့ပြီးနောက် “ဒီတိုင်းပြည်မှာ အပြောင်းအလဲအတွက် တကယ့်အလားအလာ ရှိနေပါတယ်”ဟု မှတ်ချက်ပေးကာ “အခြားကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း ဒီအပြောင်းအလဲတွေကို တုန့်ပြန်သင့်”ကြောင်း သတင်းစာရှင်းလင်းပွဲ
တွင် တိုက်တွန်း ပြောဆိုသွားခဲ့သည်။

သို့သော် “သတိရှိရှိနဲ့ ဂရုတစိုက်” တုန့်ပြန်သွားရမည်ဖြစ်ကြောင်းလည်း မစ္စတာ ကမရွန်းက ပြောသည်။

“နောက်ထပ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးတာကိုလည်း မြင်ချင်ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်”

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရာတွင် တိုးတက်မှုများ တွေ့လာရသော်လည်း “လာမယ့် လတွေ နှစ်တွေမှာ ပဋိပက္ခတွေအတွက် တကယ့်နိုင်ငံရေးဖြေရှင်းမှုကို တွေ့မြင်ချင်ပါတယ်” ဟု ဗြိတိန် ၀န်ကြီးချုပ်က ပြောဆိုသွားသည်။

ဥရောပသမဂ္ဂ EU မှ ချမှတ်ထားသည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အချို့အား ၂၀၁၂ ခုနှစ်အတွင်း
တွင် လျှော့ချထားပြီးဖြစ်သော်လည်း နောက်ထပ် ပြန်လည်သုံးသပ်ခြင်းကို ဧပြီလ ၂၃ ရက်နေ့ EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andy Heyn ကမူ ယခု ၀န်ကြီးချုပ်၏ ခရီးစဉ်မှာ “သမ္မတနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးဖို့အတွက် ဗြိတိသျှအစိုးရရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းလင်းဖော်ပြလိုက်ခြင်း”ဟု ဗြိတိန် နိုင်ငံခြားရေးဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း က သမ္မတ ဦးသိန်းစိန်၏ အမည်အား မှားယွင်းစွာ “သမ္မတ (ဦး)သန်းရွှေ”ဟု ပြောဆိုသွားသည်။

Thursday 12 April 2012

Wednesday 11 April 2012

သင်္ကြန်မှာ သီချင်းဆိုခွင့် အပိတ်ခံရသူများ

 သံသာဝင်း/Facebook

ဧပြီ ၁၁၊ ၂၀၁၂
Facebook တွင် တွေ့ရသည့် အဆိုတော်များ – ကဗျာဘွဲ့မှူး၊ သံသာဝင်း၊ သျှီ
NLD အား ထောက်ခံကြသည့် အဆိုတော်များ ဖြစ်သည်

မီးမီးခဲနဲ့ ဘရိတ်ကီက မအူပင် NLD အောင်နိုင်ရေးမှာ ပါဝင် ဖျော်ဖြေ ခဲ့လို့ ဖြစ်တယ်လို့သာ သိရပါတယ် တိကျတဲ့အကြောင်းပြချက် မသိရပါဘူး ..။

သီချင်းလည်းတိုက်ပြီး အားလုံးအဆင်သင့် ဖြစ်ပြီး ဒီနေ့ညနေမှ Ban လုပ်လိုက်တယ် လို့ ကဗျာဘွဲ့မှူးဆီက သိရပါတယ်။
…. လင်းလင်း ကိုလည်း အားလုံး သေချာပြီးမှ ဒေါ်စုကို ဝန်းရံ တဲ့ အတွက် ခေါ်လို့မရဘူး ဆိုပြီး cancel ပြန်လုပ်သွားတယ် လို့ သိရပါတယ် ..။
ဖျော်ဖြေ ရေးမဏ္ဍပ် တွေကို ဖိအားပေး ထားပုံရပါတယ်.. ထလော့မြန်မာ သီချင်းကို ဆိုတဲ့ နေဇော် ကို လည်း စရံ ပေး ပြီးမှ ပြန်ဖျက်သွား တယ်လို့ ဆိုပါတယ်.. ။
သျှီ ကိုလည်းထိုနည်းတူ..
ထူးအယ်လင်းကတော့ သူ ဖျော်ဖြေခွင့်မရဘူး ဆိုတာကိုဒီနေ့ ညနေ DVB ကနေ ပြောသွားတာ ကြားလိုက်ရပါတယ်… ။
ကဗျာဘွဲ့မှူး ကတော့ ခရီးသွားမှာ မို့မသိပါဘူး..
အနဂ္ဂရယ် ကျမ [သံသာဝင်း] ရယ်ကတော့ မဆို ဖြစ်ပါဘူး.. ဆိုရင်လည်း ပိတ်မှာတော့ သေချာသလောက်ပါပဲ ..။
main targets တွေလေ :P
၂၀၁၀ တုန်းက မဖြူဖြူသင်း ရဲ့ တောင်ဒဂုံက ဝေဒနာသည်တွေ ကို သွားအားပေးလို့ ဆိုပီး လူမှုရေးလုပ်တာတောင် ပိတ်သေးတာပဲ ..။
လူတွေသိပ်မသိလိုက် ပေမဲ့ (‘၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ ‘ခွပ်ဒေါင်းဝိဥာဉ်’ စတဲ့ သီချင်းများကြောင့် ) ဟိုးအရင် စစ်အစိုးရလက်ထက် ကတည်းကလည်း ကျမက ပိတ်ခံနေကြပါပဲ မဆန်းတော့ပါဘူး….
အခုချိန်မှာတော့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်ပြီ လို့ ထင်ပါတယ် ဒါပေမဲ့……………….

(ယနေ့ နံနက် ၁း၀၀ နာရီခန့်က သံသာဝင်း၏ Facebook တွင် ဖော်ပြထားသော အချက်အလက်များ ဖြစ်သည်)

Monday 9 April 2012

ဒေါ်အောင်ဆန်းစုကြည် KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့-Burmese Version

 ဒေါ်အောင်ဆန်းစုကြည် KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အမျိုးသား အစီးအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နဲ့ ဧပြီလ ၈ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အတွက် အဓိကထား ဆွေးနွေးသွားခဲ့ကြတယ်လို့သိရပါတယ်။

Sunday 8 April 2012

KNU press release on meeting with Daw Aung San Suu Kyi

KNU press release on meeting with Daw Aung Sun Suu Kyi

Friday 6 April 2012

KNU Delegations Meet Karen People in Pa-an 5 April 2012

KNU and Burmese Government Peacetalk_Hpa-an_04.04.2012

အစိုးရနှင့် ကေအဲန်ယူ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးဒုတိယ အကြိမ် ဆွေးနွေး

ဧပြီလ ၄ရက်၊ ၂၀၁၂။ နန်းဖော့ဂေ (ကေအိုင်စီ)
အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မာရန်အတွက် ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရ တြို့ပည်နယ်အဆင့် ဒုတိယအကြိမ် ယနေ့မွန်းလွဲ
မြန်မာစံတော်ချိန်၂နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပါဝင်သူ KNU မှ နော်မေဦးက “အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကျမတို့ အနေနဲ့ အကျေအလည်ဆွေးနွေးသွားတာပဲ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးချက်တွေကိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ကျမတို့ ရန်ကုန်မှာ ပြည်ထောင်စုအဆင့်
ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ပြည်နယ်အဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးအတွက်နှစ်ဦးနှစ်ဖက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ၊ အပစ်အခတ်ရပ်စဲရေးကို
စောင့်ကြပ်ကြည့်ရှုမှုများ ထားရှိရေး၊ ဆက်ဆံရေးရုံးများကို ဒေသအလိုက်သတ်မှတ်ထားရှိရန်တို့ ပါဝင်သည်။
ယနေ့ မွန်းလွဲ ၂နာရီကျော်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံမှုတွင်ကေအဲန်ယူဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ပဒိုစောအားတိုး၊ ပဒိုစောရွှေမောင်း၊ ပဒိုစောကွယ်ထူး ၀င်း၊ဗိုလ်မှူးရောဂျာခင်၊ ဗိုလ်မှူးထူးထူးလေး၊ ဗိုလ်မှူးကြီးမိုးဖြူ၊ဗိုလ်မှူးချုပ်အဲကလူသိန်း၊ နော်မေဦး၊ နော်ဘလူးမင်းနိုက်ဇန်၊ ပဒိုစောသောသီဘွဲ၊ စောတာဒို့မူးနှင့် စောအောင်ဝင်းရွှေတို့ ပါဝင်ခဲ့ကြသည်။
ထို့အပြင် မြန်မာအစိုးရဘက်မှလည်း ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင် လွင်၊ G-1 ဒုဗိုလ်မှူးကြီးကျော်မြင့်၊ ပြည်နယ်ဥပဒေချုပ် ဦးသိန်းလွင်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်နယ်မှူးဦးသက်နောင်၊ထားဝယ်မင်းသမီးကုမ္ပဏီမှ ဦးငွေစိုး၊ ဦးကိုကိုမောင်၊ မစု၊ ဦးချစ်
ကိုကို(မြန်မာ့မီးရတထားလုပ်ငန်း အထွေထွေမန်နေဂျာ)၊ Egress မှဦးတင်မောင်သန်း၊ ဒေါက်တာကျော်ရင်လှိုင်နှင့် ဦးလှမောင်ရွှေတို့
ပါဝင်ခဲ့သည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီးမူ တူးစေးဖိုး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရနှင့် ဆက်လက် ဆွေးနွေးရန် ၎င်းတို့၏ဒုတိယအကြိမ် ငြိမ်းချမ်းရေးခရီးစဉ်ကို ဧပြီလ ၄ရက်နေ့ (ယနေ့)မနက်၇နာရီခွဲ(မြန်မာစံတော်ချိန်)တွင် မြ၀တီမြို့မှ စတင် ထွက်ခွာခဲ့သည်။
ထို့နောက် နေ့လည် ၁၀နာရီခွဲကျော်တွင် KNUငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ရထားဝန်ကြီး ဦးအောင်မင်း၊
လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ၊ မြန်မာစစ်တပ် တပ်မ(၂၂)တပ်မမှူးနှင့် ဗျူဟာမှူးတို့က ကော့ကရိတ်မြို့ရှိ တပ်မ(၂၂) ဌာနချုပ်တွင်
ကြိုဆို၍ နေ့လည်စာ ဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးမည့် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့သည်ကော့ကရိတ်မြို့မှ ထွက်ခွာလာခဲ့ပြီး မွန်းလွဲ ၁နာရီတွင် ကရင်ပြည်နယ်၊
မြို့တော် ဘားအံမြို့သို့ ရောက်ရှိကာ ပြည်နယ်အဆင့် ဆွေးနွေးပွဲကို ဆက်လက်
ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၅ရက်နေ့မနက်တွင်ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ဘာသာရေး ခေါင်းဆောင်များ၊
ကရင်လူထုများနှင့် တွေ့ဆုံကာ ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာမည်ဟုသိရသည်။

ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ALP ငြိမ်းချမ်းရေး အဖွဲ့ကို စစ်တွေမြို့တွင် ပြည်သူ သိန်းချီ ကြိုဆို

ထွန်းထွန်း -နိရဉ္စရာ
----------
ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့တွင် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့အား ပြည်သူများ သိန်းချီပြီး ကြိုဆိုခဲ့ကြသည်။


" လူကတော့ သိန်းချီပြီး ရှိပါတယ်။ ဆိုင်ကယ်တွေ ကားတွေကလည်း ထောင်ချီပြီး ရှိပါလိမ့်မယ်။ ဒီလို လူတွေကြိုဆိုတာကို အခုတစ်ခါမှ တွေ့ဖူးပါတယ်" ဟု စစ်တွေမြို့မှ ကြိုဆိုရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် လာရာက်ကြသည့် ရခိုင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအား ရခိုင်လူထုက လိုက်လိုက်လှဲလှဲ ကြိုဆိုကြခြင်းမှာ သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

များမကြာမှီက ထောင်ထဲမှ လွှတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ခိုင်ကောင်းစံကလည်း ကြိုဆိုသူ အထူးများပြားကြောင်းကို ယခုလို ပြောသည်။

" ဆိုင်ကယ်တွေနဲ့ အလံတွေကို ကိုင်ဆောင်ပြီး လာကြိုကြတာလည်း မနည်းပါဘူး။ ဆိုင်ကယ်က သောင်းချီရှိမယ်ထင်ပါတယ်။ ကားအစီးပေါင်း ၃၀၀၀ လောက်ရောက်မယ် ထင်ပါတယ်။ ဒီလို ပြည်သူတွေ ကြိုဆိုတာကို ပထမဆုံး အကြိမ် ကျွန်တော့်ဘ၀မှာ မြင်ဖူးတာပါ" ဟု ပြောသည်။

ယနေ့ နံနက် ၈နာရီ မိနစ် ၂၀ ခန့်တွင် ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် စစ်တွေလေယာဉ်ကွင်း ကိုရောက်ရှိလာခဲ့ပြီး လေယာဉ်ကွင်းတွင် ရခိုင်စည်တော် အဖွဲ့ဝင်များက စည်တော်တီးပြီး ကြိုဆိုခဲ့ကြသည်။ ကြိုဆိုပွဲသို့ အစိုးရပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ် အရာရှိများ၊ ဘုန်းကြီးတော်ကြီးများ၊ အမျိုးသမီးများလည်း တက်ရောက် ခဲ့ကြသည်။

ကြိုဆိုသူ လူအုပ်ကြီးမှာ လေယာဉ်ကွင်းမှ အလိုတော်ပြည့် ကျောင်းတောင် ကုန်းအထိ ပြည့်နှက်နေပြီး လမ်းမကြီးတွင်လည်း နာရီစင်အသစ်မှ ရူပမြောက်အဆုံး အထိလူများ ပြည့် ကျပ်နေ ကြောင်း သိရသည်။

ကြိုဆိုသူများသည် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြပြီး ဆိုင်းဘုတ်များတွင် "မျိုးချစ်ပုဂ္ဂိုလ် လက်လှမ်းကြို ၀င်လာမစဲ တသဲသဲ" " ရခိုင်ပြည်မှ ဖိတ်ခေါ်သံ" "ရခိုင်ပြည် ငါရို့ပြည်" " လွတ်မြောက်ပါစီ ငါရို့မြီ” “မျိုးချစ်စိတ်ဓါတ် နှင့်ရှင်သန်နိုင်ပါစီ" "ငါ ရို့ပြည်ကို ငါရို့အုပ်ချုပ်မေ” ဟု ရခိုင်လို ရေးသားထားကြသည်ဟု သိရသည်။

အိန္ဒိယအခြေစိုက် ဒုခေါင်းဆောင် ခိုင်သုခဦးဆောင် အဖွဲ့သည် ဧပြီလ ၃ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ အခြေစိုက် ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့ ဧပြီလ ၄ရက်နေ့တွင် ရောက် ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး ဦးသာလူချေ ဦးဆောင်တဲ့ အဖွဲ့နှင့် ရတပပါတီမှ ဦးခိုင်ပြည်စိုး ဦးဆောင်သည့် အဖွဲ့များက ဘတ်(စ်)ကာ၊ မိုက်ခရိုကား၊ ဆိုင်ကယ် အသီးသီးဖြင့် သွားရောက်ကြို ဆိုခဲ့ကြသည်။

ယနေ့ နေ့လည် ၁ နာရီခွဲတွင် ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီအကြား ငြိမ်းချမ်းရေး စတင် ဆွေးနွေးခဲ့ပြီး မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးကြမည်ဟု သိရသည်။


Wednesday 4 April 2012

Kachin plight reveals Burma's patchy progress-BBC2

ပိတ်ဆို့မှု ရုပ်သိမ်းရေး အနှေးအမြန် အီးယူ သဘောကွဲ

2012-04-03-RFA
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ အနောက်နိုင်ငံတွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်က ဥရောပ ပါလီမန်အဖွဲ့၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဂျာမန်အမတ် မစ္စတာ ဝါနာလန်ဂင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းထောက်များအား တွေ့ဆုံ ပြောကြားနေစဉ်။
ပိတ်ဆို့မှုတွေအားလုံး ပြန်ရုပ်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အပြုသဘော အကျိုးဖြစ်မယ့်အပြင်၊ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းကျိုး ဖြစ်ထွန်းမှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက် လေ့လာကြည့်ရှုခဲ့တဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်မျှတကြောင်း ကြေညာခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် ကလည်း မြန်မာ့ရွေးကောက်ပွဲဟာ မြန်မာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်လည်ပေါင်းစည်းမိအောင် အကျိုးဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်သင့်တယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။
ဒီအတွင်း ဥရောပသမဂ္ဂ အီးယူကလည်း မြန်မာအပေါ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ ဟန်ပြင်နေပြီဆိုပေမဲ့ ဘယ်လောက်မြန်မြန် ပြန်ရုပ်မလဲဆိုတဲ့အပါ် အဖွဲ့ဝင်နိုင်ငံတွေ သဘောထား ကွဲပြားနေကြပါတယ်။
နိုင်ငံတချို့က အမြန်ပြန်ရုပ်ချင်ကြသလို တချို့နိုင်ငံတွေက တစ်ဆင့်ချင်း ဖြည်းဖြည်းနဲ့မှန်မှန်သာ ပြန်ရုပ်လိုတဲ့ဆန္ဒ ရှိနေကြပါတယ်။ ဗြိတိန်၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန် စတဲ့နိုင်ငံတွေက ပိတ်ဆို့မှုကို တစ်ဆင့်ချင်း ဆုတ်သွားချင်ကြပြီး၊ လက်နက်အရောင်းအ၀ယ် ပိတ်ဆို့မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူ လူပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိချင်ကြပါတယ်။

ကလိုထူးဘော ကရင်အစည်းအရုံး ထုတ်ပြန်ချက်

KKO statement-001

မြန်မာအစိုးရနှင့် ဒုတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေး ဆက်လက်ဆွေးနွေးရန် ကေအဲန်ယူထွက်ခွါ

KNU Leaves to Continue Talks on Ceasefires with the Burmese Government

Tuesday 3 April 2012

အစိုးရနှင့်ဒုတိယအကြိမ်တွေ့ဆုံရန် ဧပြီလ ၄ရက်နေ့နံနက်တွင် KNU ကိုယ်စားလှယ်အဖွဲ့စတင်ထွက်ခွာမည်

ဧပြီလ ၃ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
မြန်မာ အစိုးရ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံရန်အတွက် ကရင်အမျိုးသား အစည်းအရုံး(KNU)အဖွဲ့သည် လာမည့် ဧပြီလ ၄ရက်နေ့(မနက်ဖြန်)တွင် ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမှ တစ်ဆင့် စတင်ထွက်ခွာမည်ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၄ရက်နေ့ နံနက်(၆)နာရီတွင် မြ၀တီမှ တစ်ဆင့် ဘားအံမြို့သို့ စတင်ခွာမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ဘားအံမြို့၌ ပြည်နယ်အစိုးရ အဆင့်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ဧပြီလ ၅ရက်နေ့နံနက်တွင် ဘားအံမြို့အခြေစိုက် ကရင်ပြည်နယ် ကိုယ်စားပြု ကရင်ငြိမ်းချမ်းရေးကောင်စီ KPCအဖွဲ့တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ခရီးဆက်မည်ဖြစ်သည်။
ဧပြီလ ၆ရက်နေ့တွင် ရန်ကုန်မြို့၌ ရထားဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနွေးမည်ဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင် ရန်ကုန်မြို့၊ ဆီးဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဧပြီလ ၇ရက်နေ့တွင် ရန်ကုန်မြို့၌ ကရင်အဖွဲ့အစည်းများနှင့် တွေ့ဆုံကြမည်ဖြစ်သည်။ (၈)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ဧပြီလ ၉ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်သို့ ခရီးဆက်မည်ဖြစ်ပြီး ၁၀ရက်နှင့် ၁၁ရက်နေ့တွင် နယ်စပ်ဒေသသို့ ပြန်လည်ရောက်မည်ဖြစ်သည်။
KNU၏ ယခု ခရီးစဉ်တွင် ပထမအကြိမ်တွေ့ဆုံမှုမှ သဘောတူညီထားသည့် ပဏာမ သဘောတူညီချက် ၁၁နှင့် KNUချမှတ်ထားသည့် လမ်းပြမြေပုံ (၄)ရပ်ကို အဓိကဆွေးနွေးသွားမည်ဟု သိရသည်။
အစိုးရနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံ ဆွေးနွေးမည့် KNU ကိုယ်စားလှယ်စာရင်း
၁။ ။ နော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်)
၂။ ။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး (ဒု-အဖွဲ့ခေါင်းဆောင်)
၃။ ။ ပဒိုစောကွယ်ထူးဝင်း
၎။ ။ ပဒိုရွှေမောင်း
၅။ ။ ဗိုလ်မှူးချုပ် အဲကလူသိန်း (တပ်မဟာ-၃မှူး)
၆။ ။ ပဒိုစောအားတိုး
၇။ ။ ပဒိုစောရောဂျာခင်
၈။ ။ ဗိုလ်မှူးထူးထူးလေး
၉။ ။ ပဒိုစောသောသီဘွဲ (ရုံးတာဝန်ခံ)
၁၀။ ။ ပဒိုစောလှထွန်း (ရုံး ဒုတာဝန်ခံ)
၁၁။ ။ နော်ဘလူးမင်းနိုက်ဇန်
၁၂။ ။ နော်မေဦး
၁၃။ ။ နော်ထူးဖော (ရုံးအဖွဲ့)
၁၄။ ။ စောအောင်ဝင်းရွှေ
၁၅။ ။ ဗိုလ်မှူးကြီး မိုးဖြူ
၁၆။ ။ စောကြီး
၁၇။ ။ စောတာဒို့မူး
၁၈။ ။ စောဘောဘိုး
၁၉။ ။ စောဒူးဖလော်စိုး (ရုံးအဖွဲ့အကူ)
၂၀။ ။ နန်းဖော့ဂေ (သတင်းတာဝန်ခံ)
၂၁။ ။ စောအဲနာ (သတင်းအဖွဲ့)

KNU နှင့် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် တွေ့မည်

ဧရာဝတီ- ကျော်ခ April 3, 2012 
 
ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ရက်ပိုင်းအတွင်းတွေ့ဆုံမည်ဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါက ယနေ့ ပြောလိုက်သည်။
ဇန်န၀ါရီလက ကရင်ပြည်နယ်၊ ဘားအံမြို့ ဆွေးနွေးပွဲ ကာလအတွင်း တွေ့ရသော မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံ - ဧရာဝတီ)
KNU ကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရန်ကုန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း ထိုသို့ တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒေါ်စုနဲ့က ကျနော်တို့က အဆက်အသွယ်သာ တရားဝင်မရှိတာ နားလည်မှုက ရှိပြီးသား ဆိုတော့ အခြေခံခြင်းက တူတယ်။ တိုင်းပြည်ကို သူတို့တတ်နိုင်တဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ကူညီဖို့၊ တကယ့် ဒီမိုကရေစီ ဖြစ်ပွားရေး၊ တိုင်းရင်းသားတွေလည်း ဒီမိုကရေစီလိုတာပဲ၊ ငြိမ်းချမ်းရေးဖြစ်ပွားရေး အဲဒါတွေ ပြောဖြစ်ကြမှာပါ” ဟု ပဒို ဒေးဗစ် သာကပေါက ဧရာဝတီသို့ ပြောသည်။
ထိုသို့ တွေ့ဆုံခြင်းဖြင့် အပြုသဘော ဆွေးနွေးရေး၊ နှစ်ဖက် ရင်းနှီးမှု ရရှိရေးတို့ ဖြစ်ပေါ်လာမည်ဟု KNU က မျှော်လင့်ထားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ ကိုယ်စားလှယ်လောင်းများ မဲအပြတ်သတ် အနိုင် ရရှိခဲ့ခြင်းအား KNU က ဂုဏ်ယူကြောင်း၊ သို့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး နှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ လွှတ်တော်ထဲတွင် နေရာ အများစု ရရှိထားသည့် ကြံ့ခိုင်ရေးပါတီကလည်း စိတ်ရင်း စေတနာမှန်နှင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မတီ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရသည်။
KNU မှ ခွဲထွက်သွားသည့် အဖွဲ့တခုဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် ဖေဖော်ဝါရီလဆန်းပိုင်းက အစိုးရနှင့် ဆွေးနွေးမှု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ပြီး ဆွေးနွေးခဲ့ကြသေးသည်။
အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ၁၆ ဦးပါ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကြာသပတေးနေ့တွင် ဘားအံမြို့၌ ပြည်နယ်အဆင့်၊ သောကြာနေ့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးကြမည်ဟု သိရသည်။
“ဆွေးနွေးမယ့် အဓိကအချက်က အပစ်ခတ်ရပ်စဲရေး ပိုပြီးတော့ ပိုခိုင်မာလာအောင်ပါပဲ။ အပစ်ခတ်ရပ်စဲရေးက အခုဟာက ဘာမှ သတ်မှတ်ချက်မရှိဘူး။ အပစ်ရပ်ကြ ဒါပဲရှိတယ်။ နောက်ပိုင်း အစိုးရတပ်တွေက ရိက္ခာပို့တာတွေ၊ တိုက်ပွဲက တနေရာ၊ နှစ်နေရာ ပြန်ဖြစ်တာတွေ၊ ရှိနေတယ်လေ။ အခု ဒါကြောင့် အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင် နှစ်ဘက်လိုက်နာရမယ့် စည်းကမ်းတွေ ဆွေးနွေး မှာပေါ့” ဟု ပဒိုဒေးဗစ် သာကပေါက ပြောသည်။
KNU နယ်မြေအတွင်း တပ်စွဲထားသော အစိုးရတပ်များ ရွေ့ပြောင်းပေးရေး၊ နှစ်ဖက်တပ်များ ကူးသန်း သွားလာရန် နယ်မြေ သတ်မှတ်ရေး စသည့် ကိစ္စရပ်များကို တကြိမ်ထက်မက ဆွေးနွေးညှိနှိုင်းရဦးမည်ဟု သူက ဆက်ပြောသည်။
အပစ်အခတ် အမှန်တကယ် ရပ်စဲနိုင်ပါက နယ်မြေ သတ်မှတ်ရေး၊၊ နှစ်ဖက်တိုက်ပွဲများကြောင့် ကရင်ပြည်နယ် အတွင်း နှစ်ကာလများစွာ အိုးအိမ် စွန့်ခွာ ပုန်းရှောင်နေရသည့် ရွာပုန်း၊ ရွာရှောင် ဒုက္ခသည်များ၊ ထိုင်းနိုင်ငံသို့ ထွက်ပြေး နေရသော ဒုက္ခသည်များ ပြန်လည် နေရာချထားရေးတို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။
KNU နှင့်ဆက်နွယ်၍ အကျဉ်းကျနေသူများအပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုထားပြီး ဖြစ်ကြောင်း၊ အစိုးရနှင့် ဆွေးနွေးမှုတွင် အများစု စိတ်ဝင်စားနေသော KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ဓာတ်သတ္ထုများ တူးဖေါ်ရေး နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စသည့် ကိစ္စများကို ဆွေးနွေးရန် အစီအစဉ် မရှိသေးကြောင်း ဒေးဗစ်သာကပေါက ပြောသည်။
အပစ်ခတ်ရပ်စဲရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အချက်၁၁ ချက် ပါရှိသော ပဏာမ သဘောတူညီချက် စာချုပ်အား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခင်လ ၂၄ ရက်နေ့ကလည်း သမ္မတ အမိန့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်သွားသည့် KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်အား မဲဆောက်မြို့သို့ သွားရောက် ပို့ဆောင်ခဲ့ကြသည့် မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။

Monday 2 April 2012

Nant Zoya Phan's interview with UK Channel 4 about Burma's by-elections.

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)
နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်

ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။

အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။


Sunday 1 April 2012

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်

မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မှာ အနိုင်ရသွားပါတယ်။
လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သိရသလောက်တော့ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နေရာ ၄၄ နေရာမှာ မဲဆန္ဒနယ်အများစုကို အနိုင်ရနေပြီလို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပေါ်မှာ ကိုယ်စားလှယ်တွေအနေနဲ့ ၀မ်းသာကြတယ်ဆိုတာ သဘာဝကျကြောင်း၊ ဒါပေမဲ့ တဘက်မှာလည်း တခြားပါတီတွေက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆိုမျိုးကို မလုပ်ကြဖို့၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာကျစေမယ့် အပြုအမူကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲအတွင်း တချို့ မြို့နယ်တွေမှာ မဲကတ်ပြားတွေကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ ရှိခဲ့ပြီး NLD ပါတီက ဒီလို မဲသမာမှုတွေကို ပြည်ထောင်စုကော်မရှင် အနေနဲ့ အရေးယူပေးဖို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။