 ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ယူဒဗလျူအက်စ်အေ) ငြိမ်းချမ်းရေး ၂၃  နှစ်ပြည့် အခမ်းအနားကို ၀ ထိန်းချုပ်နယ်မြေမှာ ကျင်းပနေပါတယ်။
ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ယူဒဗလျူအက်စ်အေ) ငြိမ်းချမ်းရေး ၂၃  နှစ်ပြည့် အခမ်းအနားကို ၀ ထိန်းချုပ်နယ်မြေမှာ ကျင်းပနေပါတယ်။ငြိမ်းချမ်းရေးအထိမ်း အမှတ်ပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်း ယူဒဗလျူအက်စ်အေ  ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့က စစ်လေ့ကျင့်ရေးကွင်းမှာ ဧပြီ  ၁၀ ရက်နေ့က စပြီး ကျင်းပနေပြီး ဝတ်စုံပြည့် ချီတက်ပွဲ  အခမ်းအနားကိုတော့ မနက်ဖြန်မနက် ၈ နာရီခွဲမှာ ကျင်းပမယ်လို့  ယူဒဗလျူအက်စ်အေ ပြင်ပ ဆက်ဆံရေးဌာန ဒုတိယဌာနကြီးမှူး ဦးစံခွန်းက  ပြောပါတယ်။
“တကယ့်နေ့ပေါ့နော်။  ဧပြီလ ၁၇ ရက်နေ့ဆိုတာက ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ပြီး  အာဏာသိမ်းတဲ့နေ့။ တကယ့်ကျင်းပမှာက မနက်ဖြန်မှာ။ ၁၀ ရက်နေ့က  စပြီးတော့ ခရိုင်အသီးသီးကနေ ပြေးခုန်ပစ်တို့၊ ဘတ်စကတ်ဘော၊  လွန်ဆွဲပွဲတို့ တလေ်ွာက်လုံး ကျင်းပလာခဲ့တယ်။ ညဆိုလည်း  ဖျော်ဖြေရေး၊ ယဉ်ကျေးမှုပွဲ ဖျော်ဖြေ အကပြိုင်တာတွေ ရှိတယ်။”
အခမ်းအနားကို ၀  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် ၆ ခုက ၀ အရာရှိအရာခံ တပ်သားတွေ၊  ယူဒဗလျူအက်စ်အေ မဟာမိတ် မိုင်းလားတပ်ဖွဲ့က ကိုယ်စားလှယ်တွေ  တက်ရောက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်ပြည်ဘက်က  ဧည့်သည်တွေ၊ ၀ ဒေသမှာ ဝင်ရောက်အကူအညီပေးနေတဲ့ နယ်စပ်ဒေသ  တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး (နတလ) ဝန်ထမ်းနဲ့  ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ ဖွံ့ဖြိုးရေးအစီအစဉ်က ဝန်ထမ်းတွေ၊  အန်ဂျီအိုအဖွဲ့တွေလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့  ဦးစံခွန်းက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲက စစ်သည်အင်အား အတောင့်တင်းဆုံးဖြစ်တဲ့  ယူဒဗလျူအက်စ်အေတပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ်၊ မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ  (ဗကပ)ကနေ ခွဲထွက်ပြီး နဝတအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး  ပြုလုပ်ခဲ့ပါတယ်။
နဝတ အစိုးရက  ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၂) လို့ သတ်မှတ်ပေးပြီး  ကိုယ်ပိုင်အုပ်ချုပ်ရေးအသွင်နဲ့ မိမိနယ်မြေဖွံ့ဖြိုးရေးတွေ  လုပ်ဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်  အသွင်ပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီး နအဖအစိုးရနဲ့ အခြေအနေ  တင်းမာခဲ့ပါတယ်။
၂၀၁၁ မှာ  ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ရာမှာ ၂၀၁၁ ဒီဇင်ဘာလ ၂၆  ရက်နေ့မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်  ထိုးခဲ့ပါတယ်။ 
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
 
 
No comments:
Post a Comment