Saturday 14 April 2012

ပိတ်ဆို့မှုများ ဆိုင်းငံ့ထားသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ဒေါ်စု ပြော


နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း(David Cameron)က ၎င်းအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား “ဆိုင်းငံ့ထား”သင့်ကြောင်း ပြောဆိုလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလိုက်သည်။
ဧပြီလ ၁၃ ရက်နေ့က ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံး ဆိုင်းငံ့ထားသင့်ကြောင်း မစ္စတာကမရွန်းက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလိုက်သည်။ ဧပြီလ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ ၀န်ကြီးများအစည်းအဝေးတွင် အဆိုပါ ပိတ်ဆို့မှုများအရေး ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။
ဧပြီလ ၁၃ ရက်နေ့က ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံး ဆိုင်းငံ့ထားသင့်ကြောင်း မစ္စတာကမရွန်းက ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံလိုက်သည်။ ဧပြီလ ၂၃ ရက်နေ့ ဥရောပသမဂ္ဂ ၀န်ကြီးများအစည်းအဝေးတွင် အဆိုပါ ပိတ်ဆို့မှုများအရေး ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမရွန်းတို့
သောကြာနေ့က တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားတာ မှန်တယ်လို့ ကျနော်ထင်ပါတယ်။ ဆိုင်းငံ့ထားဖို့ပါ။ ရုတ်သိမ်းလိုက်ဖို့ မဟုတ်ပါဘူး။ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှု ပိတ်ပင်တာတော့ မပါပါဘူး” ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုရွေးချယ်မှုအား သဘောတူကြောင်း
ပြောဆိုလိုက်သည်။

“ကျမအနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်တာနဲ့စာရင် ဆိုင်းငံ့တယ်ဆိုတဲ့ အယူအဆကို
ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ အခြား ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့
အခန်းကဏ္ဍကို အသိအမှတ်ပြုမှု ဖြစ်ပါမယ်” ဟု သဘောထား ပေးကာ ဗြိတိန်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်မှာ အချိန်ကိုက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အရှေ့အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ သောကြာနေ့က ရောက်ရှိလာသည့် ဗြိတိန်ဝန်ကြီးချုပ်သည်
နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ပြီးနောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကြခြင်းဖြစ်သည်။

မည်သည့် ပိတ်ဆို့မှုများ ဆိုင်းငံ့ထားမည်ဆိုသည်ကို ရှင်းလင်းတိကျစွာ သိနိုင်ရန် မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်၏ အမေးကို ဗြိတိန်ဝန်ကြီးချုပ်က ဖြေကြားရာတွင် “ဒီ ပိတ်ဆို့မှု ဆိုင်းငံ့ထားခြင်းဆိုတာ စစ်လက်နက် ရောင်းဝယ်မှုတားဆီးခြင်းကိစ္စမှအပ အားလုံးအကျုံးဝင်ပါတယ်” ဟု ပြန်လည်ဖြေကြားသွားခဲ့ပြီး ဧပြီလအတွင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ပြောဆိုသွားခဲ့သည်။

“မြန်မာပြည်ဟာ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုသာမကဘဲ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး တိုးတက်မှုတွေလည်း အလွန်အမင်း လိုအပ်နေပါတယ်”ဟု ပြောဆိုလိုက်သည့် မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်းတွင် ထိပ်တန်း ဗြိတိသျှကုမ္ပဏီ ၁၀ ခုလည်း လိုက်ပါလာခဲ့ကြသည်။

မစ္စတာကမရွန်းမှာ မြန်မာပြည်အခြေအနေအား “ကိုယ်တိုင်ကိုယ်ကျ သိမြင်ချင်” ၍ လာရောက်ခဲ့ပြီးနောက် “ဒီတိုင်းပြည်မှာ အပြောင်းအလဲအတွက် တကယ့်အလားအလာ ရှိနေပါတယ်”ဟု မှတ်ချက်ပေးကာ “အခြားကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း ဒီအပြောင်းအလဲတွေကို တုန့်ပြန်သင့်”ကြောင်း သတင်းစာရှင်းလင်းပွဲ
တွင် တိုက်တွန်း ပြောဆိုသွားခဲ့သည်။

သို့သော် “သတိရှိရှိနဲ့ ဂရုတစိုက်” တုန့်ပြန်သွားရမည်ဖြစ်ကြောင်းလည်း မစ္စတာ ကမရွန်းက ပြောသည်။

“နောက်ထပ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးတာကိုလည်း မြင်ချင်ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်”

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရာတွင် တိုးတက်မှုများ တွေ့လာရသော်လည်း “လာမယ့် လတွေ နှစ်တွေမှာ ပဋိပက္ခတွေအတွက် တကယ့်နိုင်ငံရေးဖြေရှင်းမှုကို တွေ့မြင်ချင်ပါတယ်” ဟု ဗြိတိန် ၀န်ကြီးချုပ်က ပြောဆိုသွားသည်။

ဥရောပသမဂ္ဂ EU မှ ချမှတ်ထားသည့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အချို့အား ၂၀၁၂ ခုနှစ်အတွင်း
တွင် လျှော့ချထားပြီးဖြစ်သော်လည်း နောက်ထပ် ပြန်လည်သုံးသပ်ခြင်းကို ဧပြီလ ၂၃ ရက်နေ့ EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andy Heyn ကမူ ယခု ၀န်ကြီးချုပ်၏ ခရီးစဉ်မှာ “သမ္မတနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးဖို့အတွက် ဗြိတိသျှအစိုးရရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းလင်းဖော်ပြလိုက်ခြင်း”ဟု ဗြိတိန် နိုင်ငံခြားရေးဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း က သမ္မတ ဦးသိန်းစိန်၏ အမည်အား မှားယွင်းစွာ “သမ္မတ (ဦး)သန်းရွှေ”ဟု ပြောဆိုသွားသည်။

No comments:

Post a Comment