Wednesday, 22 June 2011

အကျဉ်းကျတော်လှန်ရေးသမား စောခေးတိ၏ ခရီးကြမ်း


ဧရာဝတီ Saturday, 18 June 2011 13:12 အင်တာဗျူး

အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ ပို့ဘလဲမြို့မှ အကျဉ်းထောင်နှင့် ကာလကတ္တားမြို့မှ ပရက်စီဒင်စီ အကျဉ်းထောင်များတွင် ၁၃ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည့် ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ပြန်လွတ်မြောက်လာခဲ့သည်။ ကျန် ၃ ဦးသည် ပို့ဘလဲ အကျဉ်းထောင်တွင် ရင်ဆိုင်ခဲ့ရသည့် ၀တ္တရားနှောင့်ယှက်မှုကို ရင်ဆိုင်ဖြေရှင်းပြီးမှ လွတ်မြောက်မည်ဖြစ်သည်။ တော်လှန်ရေးသမားများ အိန္ဒိယသို့ ရောက်လာရခြင်းအကြောင်းရင်း၊ ဖမ်းဆီးခံရပြီးနောက် ပို့ဘလဲမြို့ အကျဉ်းထောင်တွင် အကျယ်ချုပ်ဖြင့် နေခဲ့ရချိန်နှင့် ပရက်စီဒင်စီ အကျဉ်းထောင်တွင် နေခဲ့ရချိန်တို့တွင် ကြုံတွေ့ခဲ့မှုများနှင့် လွတ်မြောက်လာသည့် အခြေအနေများကို တော်လှန်ရေးသမား ခေါင်းဆောင်များအနက် တဦးဖြစ်သည့် ကရင်တိုင်းရင်းသား ဦးစောခေးတိအား ဧရာဝတီသတင်းထောက် ဇာနည်မာန်က တွေ့ဆုံမေးမြန်းထားပါသညေ်။
U_Kay_Ti


U_Kay_Ti

ဦးစောခေးတိ (ဓာတ်ပုံ - ဧရာဝတီ)
ဦးစောခေးတိသည် အိန္ဒိယစစ်တပ်၏ စတင်ဖမ်းဆီးခံရစဉ်က အသတ်ခံခဲ့ရသော ရခိုင်နှင့် ကရင်ခေါင်းဆောင်များအနက်မှ တဦးဖြစ်သော ဖဒိုမူးလွယ်၏ ညီဖြစ်သည်။ ဦးခေးတိသည် ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်မှ သစ်တောများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးအပ်ချက်အရ တောအုပ်အဖြစ် တာဝန်ထမ်းဆောင်နေရာမှ အစ်ကိုဖြစ်သူ ဖဒိုမူးလွယ်က ပင်လယ်ပြင်လှုပ်ရှားမှုတွင် ကူညီရန်ခေါ်ယူခဲ့သဖြင့် အိန္ဒိယဘက်သို့ လိုက်ပါခဲ့ဖြင်းဖြစ်သည်။

မေး ။ ။ ဖဒိုမူးလွယ်နဲ့ ဦးစောခေးတိတို့ရဲ့ ပင်လယ်ခရီးထွက်ခဲ့တဲ့အကြောင်း ပြောပြပါဦး။

ဖြေ ။ ။ တရက်မှာ ကျနော့်အစ်ကို ဖဒိုမူးလွယ်က ကျနော့်ကိုလာပြောတယ်။ တာဝန်ကျတယ်၊ ပင်လယ်ထဲမှာတဲ့။ ဗိုလ်ရာဇာတို့ ရခိုင်တပ်မတော်အဖွဲ့နဲ့ပေါ့လေ။ ပူးပေါင်းစစ်ဆင်ရေးလုပ်ရမယ်။ ပင်လယ်ထဲမှာ လှုပ်ရှားရမယ်ဆိုတော့ ကျနော်က ထိုင်းစကားတတ်လို့ ကျနော့်ကို အကူညီတောင်းတယ်။ အဲဒီတုန်းက ကျနော်တို့အဖေ ဆေးရုံတက်နေတာကို ကျနော်က ကြည့်ပေးနေတာ။ သူက သွားမယ်ဆိုပြီး ဗြုန်းခနဲ ဗြန်းခနဲ လာခေါ်တော့ ထွက်ခဲ့ရတာ။

ကျနော့်သမီးဆီကို သွားတွေ့တယ်။ သမီးက ဘယ်တယောက်လဲ ကျနော်မမှတ်မိဘူး။ သမီးကတော့ ကျနော့်ကို မှတ်မိတယ်။ အဲဒီမှာ သမီးကို ခဏလေးပဲ ဖက်၊ နှုတ်ဆက်ပြီး ထွက်လာခဲ့ရတာ။ တော်လှန်ရေးသမားဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ ပင်လယ်ထဲက အလုပ်ပြီးမှ သမီးဆီ ကောင်းကောင်းပြန်နေမယ်ဆိုပြီး ထွက်လာတယ်။ ၁၉၉၇ ခုနှစ် ၁၀ လပိုင်းပေါ့။ အဲဒီကနေ ထွက်လာပြီး ကျနော်တို့ (ထိုင်းနိုင်ငံ) ကန်ချနဘူရီကနေ ရနောင်းကိုရောက်တယ်။ ကျနော်ရယ်၊ ဖဒိုမူးလွယ်ရယ်၊ ဆာလွဲ (စန်းလွင်) ရယ် ၃ ယောက်။

ကျန်တဲ့ရဲဘော်တွေကတော့ နောက်မှရောက်တယ်။ ရောက်နှင့်ပြီးတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့က အမြန်လှေနဲ့၊ ရခိုင်တွေက ငါးဖမ်းစက်လှေတစီးနဲ့ ထိုင်း-မြန်မာရေစပ်က မျောက်ညိုကျွန်းကိုရောက်တယ်။ အဲဒီမှာက ကျနော်တို့ရဲ့ ကရင် တပ်ရင်း (၁၁) စခန်း ရှိတယ်။ အဲဒီမှာ ရခိုင်ဖက်ကတော့ ကိုစိုးနိုင်နဲ့ နောက် ဆယ်ယောက်ကို အရင်တွေ့တယ်။ ကျနော်တို့ အဲဒီကို ရောက်တဲ့အချိန်မှာ အိန္ဒိယကို လာရမယ်ဆိုတာ မသိသေးဘူး။ ၁၉၉၈ ခုနှစ် ၂ လပိုင်းမှာတော့ ဗိုလ်ရာဇာရောက်လာတယ်။ သူက ကျနော်တို့ ကရင်အဖွဲ့တွေနဲ့က အရင်ကတည်းက လက်တွဲဖော်တွဲဖက်တွေကိုးဗျ။ ဖဒိုမူးလွယ်က ပြောတာပေါ့၊ ကျနော်တို့ joint operation လုပ်ရမယ်ပြောတယ်။ ကျနော် သိရသလောက်ကတော့ ရဲဘော်တွေကို သင်တန်းပေးမယ်ပေါ့။ ဗိုလ်ရာဇာတို့က ရခိုင်ပြည်ပြန်မှာတဲ့။ နောက်ပြီးတော့ အိန္ဒိယ အဆက်အသွယ်ရှိတော့ အိန္ဒိယက သူတို့ကို ကျွန်းတကျွန်းပေးမယ်ပေါ့။ ကျနော်တို့ အဲဒီလိုပဲ ကြားရတယ်။

ကျနော်တို့ မျောက်ညိုကျွန်းကနေ ထွက်လာတာမှာ ဖဒိုမူးလွယ်က အမှန်တကယ်တော့ ကျနော်တို့နဲ့ လိုက်ဖို့တာဝန်မရှိဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်လဲဆိုတော့ လှေက ၂ စီးဖြစ်နေတော့ ဗိုလ်ရာဇာက ဖဒိုမူးလွယ် မင်းလိုက်သွားပါ။ ငါတာဝန်ယူတယ်ပေါ့။ ဖဒိုမူးလွယ်ကလည်း စကားလည်းမပြော၊ ဘာလည်းမပြော၊ လိုက်ဆိုလည်းလိုက်ပေါ့။



အဲဒီလိုလာဖို့ကလည်း အတော်ခက်တယ်။ ဘာလို့ဆို ကျနော်တို့လှေက ဆီမလောက်ဘူး။ ငါးဖမ်းလှေ လိုတယ်ပေါ့။ ငါးဖမ်းပိုက်ဆွဲလှေကြီးတွေပေါ့။ ကျနော်တို့လှေက ဆီမလောက်တော့ အဲဒီငါးဖမ်းလှေတွေနဲ့ ဆွဲရတယ်။ ငါးဖမ်းလှေတစီး၊ ကျနော်တို့ အမြန်လှေ ၂ စီးပေါ့။ တစီးပြီးတစီးဆွဲသွားတာ။ ကြာတော့ လှေတွေက တစီးနဲ့တစီးပွတ်တော့ ကွဲတော့မယ်ဆိုတော့ နောက်တော့ ငါးဖမ်းလှေ တစီးထပ်ရောက်လာပြီး တစီးစီဆွဲတာပေါ့။ အဲ့ဒီငါးဖမ်းလှေ ဘယ်လိုရောက်လာလဲ ကျနော်တို့ မသိဘူး။ ၂ လပိုင်း ၉ ရက်နေ့မှာ နာကွန်ဒမ်ကျွန်းဆိုတာကို ရောက်တယ်။ အဲ့ဒီတုန်းကတော့ ဘာကျွန်းလဲ မသိဘူး။ နောက်မှပြန်သိတာ။

မေး ။ ။ အိန္ဒိယဘက်ကနဲ့ ဘယ်လိုအဆက်အသွယ်လုပ်ကြလဲ။

ဖြေ ။ ။ အဲဒီမှာညအိပ်ပြီး နောက်နေ့မနက်မှ အိန္ဒိယ စစ်သားတွေနဲ့ အဆက်အသွယ်ရတယ်။ ပြီးတော့ ကျနော်တို့ ကရင်တွေ စီးလာတဲ့ ဒေါနဆိုတဲ့ အမြန်လှေနဲ့ ဗိုလ်ရာဇာတို့ ဖဒိုမူးလွယ်တို့နဲ့ ရဲဘော်တချို့တို့ ပင်လယ်အော်ထဲ ၀င်သွားကြတယ်။ ကျနော်တို့ကတော့ ကျွန်းပေါ်မှာ စောင့်နေပြီးနောက်တော့မှ သူတို့က ၀င်လာလို့ရပြီလို့ အကြောင်းကြားတော့ ကျနော်တို့ ၀င်သွားတာပေါ့။ ညနေ ၄ နာရီလောက်နေတော့ လန်းဖောကျွန်းကို ရောက်တယ်။ အဲဒါလည်း နောက်မှ ပြန်သိတာပေါ့။ အိန္ဒိယနယ်မြေထဲက ကျွန်းပေါ့။ အဲ့ဒီမှာ ကျွန်းကြီးကျွန်းကြီးတွေ အများကြီး။ မြေပြန့်ကျွန်းကြီးတွေ။ သိပ်သာယာတယ်။ ကျနော်ကတော့ ငါးဖမ်းလှေလေးထဲမှာပဲ နေတယ်။

မေး ။ ။ အဲဒီမှာ မြန်မာပြည်ဖွား အိန္ဒိယနိုင်ငံသား စစ်ထောက်လှမ်ရေး ဗိုလ်မှူးကြီး ဂရေးဝါးလ်နဲ့ တွေ့တာလား။

ဖြေ ။ ။ ဟုတ်တယ်။ ကျနော်တို့ရောက်ပြီး မကြာဘူး။ ဗိုလ်ရာဇာနဲ့ အိန္ဒိယ ဗိုလ်မှူးကြီး ဂရေးဝါးလ်လာတွေ့ပြီး ဗိုလ်ရာဇာက ကျနော်တို့နဲ့ မိတ်ဆက်ပေးတယ်။ ဂရေးဝါးလ်က ဗမာလိုတတ်တယ်။ သူက ကျနော့်ကိုမေးတယ်၊ မင်း ရခိုင်ပြည်ကို သွားမလားတဲ့။ ကျနော်ကတော့ မသိသေးဘူးလို့ပဲ ပြောလိုက်တယ်။ နောက်တော့ သူက သူတို့စစ်သားတွေ ငါးစားချင်တယ်တဲ့။ ငါးဆွဲပေးပါတဲ့။ ကျနော်လည်း ထိုင်းပဲ့နင်းကို နည်းနည်းဆွဲပေးပါပြောတော့ ထိုင်းပဲ့နင်းက နယ်မြေဒေသကို မသိသေးလို့ မနက်ဖြန်မှ အခြေနေကြည့်ပြီး ဆွဲပေးမယ်လို့ သူပြောတယ်။ အဲဒါဆိုလည်း ပြဿနာမရှိဘူး၊ ရတယ်ပေါ့။

မေး ။ ။ ကျွန်းပေါ်မှာ သူတို့ ဂရေးဝါးလ်နဲ့ ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ သိလား။

ဖြေ ။ ။ သူတို့ ကျွန်းပေါ်မှာ ဘာတွေဆွေးနွေးလဲဆိုတာ ကျနော်တို့က ရဲဘော်ဆိုတော့ ဘာမှမသိကြဘူး။ ကျနော်က ကုန်းပေါ်လည်းမတက်တော့ ဘာမှမသိဘူး။ ရခိုင်စစ်သားလေးတွေလည်း ဘာမှမသိကြဘူး။ ဗိုလ်ရာဇာကိုလည်း အဲဒီ ဂရေးဝါးလ်လာပြီး အချိန်ကစပြီး ကျနော် လုံးဝ မမြင်ရတော့ဘူး။

မေး ။ ။ အိန္ဒိယစစ်တပ်ကနေ ဦးစောခေးတိတို့ကို ဖမ်းတာက ဘယ်လိုဖြစ်သွားတာလဲ။

ဖြေ ။ ။ ညကျတော့ ကျနော်က လှေအပြင်မှာ အိပ်တယ်။ ဟိုလှေနှစ်စီးက ဘယ်မှာလဲ မတွေ့ရဘူး။ မိုးလင်းတော့ ၁၁ ရက်နေ့ မနက်ပိုင်းပေါ့။ အဲ့ဒီမှာ စစ်သင်္ဘောတစင်းကို တွေ့တယ်။ စစ်သင်္ဘောကို လှမ်းမြင်ပြီး ၅ မိနစ်လောက်ပဲကြာတယ်။ ကျနော့်စကားပြောစက်ထဲမှာ “ရှေ့မှာဘာလဲ … ရှေ့မှာဘာလဲ … ကိစ္စထူးရင် အကြောင်းကြားပါ” လို့ ပြောတယ်။ ကျနော်လည်း သံသယဖြစ်သွားတယ်။ ဟာ ဒါက မြန်မာရေပိုင်နက်ထဲမှာလားပေါ့။ သူတို့က ဗမာလိုပြောတာ။

ကျနော်တို့လှေက ငါးဖမ်းသမားထဲမှာ စစ်တပ်လူထွက်တယောက်ရှိတယ်။ သူ့က ကျနော့်ကိုပြောတယ်။ အစ်ကို ဒါက ရိုးရိုးအရပ်သားစကားမဟုတ်ဘူး၊ စစ်တပ်စကားပေါ့၊ အဲဒီလိုပြောတော့ ကျနော်က ထိုင်းပဲ့နင်းကို မေးတယ်။ ဒါက အိန္ဒိယ ရေပိုင်နက်လား၊ မြန်မာ ရေပိုင်နက်လားဆိုတော့ ဒါက အိန္ဒိယ ရေပိုင်နက်ပေါ့။ ဒီကို မြန်မာစစ်သား လာလို့မရဘူးဆိုတော့ ကျနော်လည်း အေးအေးဆေးဆေး နေတာပေါ့။

ဒါပေမယ့် ၅ မိနစ်လောက်ပဲကြာတယ်။ ရခိုင်အရာရှိ ၂ ယောက်ပေါ့။ ဗိုလ်မှူး စောထွန်းနဲ့ ဗိုလ်ရန်နိုင် ရောက်လာတယ်။ အိန္ဒိယစစ်သား ၃ ယောက်နဲ့ အမြန်လှေလေးနဲ့။ ကျနော်က ဗိုလ်မှူးစောထွန်းကို အစောက စက်ဝင်လာတယ်။ န၀တ စက်၊ တပ်က သုံးတဲ့စကားပေါ့။ အဲဒါနဲ့ သူက ကျနော့်စက်ကိုယူပြီး စိုးနိုင်ကိုခေါ်တယ်။ “စိုးနိုင် ကြားလားကြားလား” ဆိုတော့ စက်ကလည်း မပြန်လာဘူး။ ဖဒိုမူးလွယ်တို့ဆီကလည်း မရဘူး။ ဒါနဲ့ ဗိုလ်မှူး စောထွန်းက အထဲကိုမောင်းသွားဆိုတော့ ကျနော်လည်း ပင်လယ်အော်ထဲမောင်းသွားတယ်။

ကျနော်ကြည့်လိုက်တော့ ကျနော်တို့လူတွေက ကမ်းခြေမှာ။ ကျနော်တို့ ရောက်တဲ့အချိန်မှာ ကျနော်တို့လူတွေက အဖမ်းခံရနေပြီ။ ဗိုလ်မှူး စောထွန်းကိုလည်း သူတို့ခေါ်သွားတယ်။ ကျနော်ကြည့်တော့ အခြေအနေကတော့ မမှန်တော့ဘူးပေါ့ဗျာ။ ကျနော်တို့ကို နောက်ပြန်ကြိုးချည်၊ မျက်စိပိတ်ပြီးတော့ အသက်ကယ်လှေပေါ် တယောက်ပြီးတယောက် ကန်ချတယ်။ ပြီးတော့ ကမ်းခြေကို ခေါ်သွားတယ်။ မျက်စိပိတ်ထားတော့ ဘာမှမမြင်ရဘူးပေါ့။ ကမ်းခြေမှာ ကျနော်တို့ကို ဆွဲမှောက်ထားတယ်။ ကမ်းခြေရောက်တော့ မောင်နိုင်ကို သူတို့လာဆွဲခေါ်သွားတယ်လို့ မောင်နိုင်က နောက်တော့ ပြန်ပြောပြတယ်။ စစ်ဆေးမေးမြန်းတာမှာ စကားက နားမလည်တော့ သူ့ကို သေနတ်ပြောင်းနဲ့ထိုးတာ အနာဖြစ်သွားတယ်။ ပြီးတော့ ကျနော်တို့ကို သင်္ဘောပေါ်တင်ပြီးတော့ ပို့ဘလဲကို ခေါ်လာတယ်။ ပို့ဘလဲမှန်းလည်း ကျနော်တို့ မသိဘူး။ ဖမ်းတဲ့အချိန်မှာ ဘာတခုမှမပြောဘူး။ ကျနော်တို့ အချင်းချင်းလည်း ဘာမှပြောလို့မရ။ ပြောတာနဲ့ ပါးရိုက်တယ်။

ပို့ဘလဲရောက်တော့ ကျနော်တို့ကို ၃ ထပ်တိုက်တခုမှာ ထားတယ်။ ဘယ်ရက်တွေရောက်မှန်းလည်း မသိဘူး။ တညနေမှာ ဂရေးဝါးလ်ရောက်လာတယ်။ သူက ကျနော်တို့ကို ဘယ်လိုပြောလဲဆိုတော့ “မင်းတို့မှာ အပြစ်မရှိဘူး။ ငါတို့ မင်းတို့လူကြီးတွေကို အပြစ်ပေးလိုက်ပြီ” လို့ သူကပြောတယ်။ “မင်းတို့ကို လှေတစီးနဲ့ပြန်လွှတ်မယ်၊ မင်းတို့က ဘာမှမသိဘူး” လို့ ပြောတယ်။ အစကတော့ ဘယ်လိုမှန်း မသိဘူးပေါ့။ ဖဒိုမူးလွယ်တို့ကို သတ်ပြီးလား၊ မသတ်ပြီးလား ကျနော်မသိဘူး။

အဲဒီလန်းဖောကျွန်းမှာ ကျန်တဲ့သူတွေကိုဖမ်းပြီး ကျနော့်ကို မဖမ်းခင်မှာတုန်းက သေနတ်သံတွေကြားရတယ်။ အချက် ၃၀ ကျော်တယ်။ အဲဒီအသံကြားပြီး ကျနော်တို့ကို လာဖမ်းတာပဲ။ နောက်ဆုံး ထောင်ထဲရောက်မှ သံသယဖြစ်နေတာပေါ့။ သူတို့တွေက ပျောက်သွားပြီပေါ့။ သူတို့ကတော့ တိုက်ပွဲဖြစ်လို့ ဘာလို့လို့လဲပြောတယ်။ တိုက်ပွဲဖြစ်ရအောင် သူတို့မှာက သေနတ်တလက်မှ မပါသွားဘဲနဲ့။

မေး ။ ။ ဖဒိုမူးလွယ်တို့ အသတ်ခံလိုက်ရပြီလို့ သိတော့ စိတ်ထဲမှာ ဘယ်လို ခံစားရလဲ။

ဖြေ ။ ။ ကျနော့်အစ်ကိုရော သူတို့အားလုံး ဒီလိုဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့။ ဘာတတ်နိုင်မလဲ။ သူတို့လည်း လူကောင်းတွေ။ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်နေတာပဲ။ ဖဒိုမူးလွယ်က ကျနော့်ဆရာလည်းဖြစ်တယ်။ ကျနော့် အစ်ကိုလည်းဖြစ်တယ်။ ကျနော် သူ့ကိုလေးစားတယ်။

မေး ။ ။ ဦးစောခေးတိတို့ကို ဖမ်းထားပြီ၊ ထောင်ထဲထည့်ထားပြီဆိုတော့ အကူအညီရဖို့၊ ရှေ့နေနဲ့တွေ့ဖို့ ကိစ္စတွေကို ဘယ်လိုကြိုးစားခဲ့ရလဲ။

ဖြေ ။ ။ ကျနော်တို့က ကျနော်တို့အဖွဲ့တွေကို အမြဲစက်နဲ့ သတင်းပို့နေရတာ။ မနက် အဖမ်းမခံရခင်တုန်းကလည်း ကျနော်တို့ရောက်ပြီဆိုတာ သတင်းပို့တယ်လေ။ နောက်ပိုင်း စက်မပို့ဖြစ်တော့ သူတို့ဘက်ကလည်း သံသယရှိပြီး လိုက်စုံစမ်းမှာပေါ့။ နောက်ပြီးတော့ ပို့ဘလဲမှာက မြန်မာပြည်သားတွေလည်း ရှိတယ်လေ။ ငါးဖမ်းသမားတွေ။ သူတို့က ကျနော်တို့ကိုလည်းတွေ့တော့ ကူညီကြတာပေါ့။ အဆင့်ဆင့် ဆက်သွယ်ကြိုးစားရတာ။ လူ့အခွင့်အရေး ရှေ့နေ ဟင်နရီဆိုတာ အရင်ရောက်လာတယ်။ ဒါပေမယ့် အိန္ဒိယ အာဏာပိုင်က တွေ့ခွင့်မပေးဘူး။ တွေ့ရတော့လည်း ခဏလေးပဲ တွေ့ရတာ။ ဘာမှလုပ်လို့မရဘူး။ သူတို့က ကျနော်တို့ကို အကြမ်းဖက်သမားတွေလို့ပဲ ထင်ကြတာ။ သဘောမပေါက်ကြဘူး။

နောက်ဆုံးမှ ရှေ့နေမကြီး နန်ဒီတာ ရောက်လာပြီး မနည်းလုပ်ယူရတာ။ ၁ နှစ်နဲ့ ၈ လ ထောင်ထဲမှာ နေခဲ့ရတယ်။ နောက်ပိုင်းမှာတော့ သူတို့လည်း သဘောပေါက်လာတယ်။ ကျနော်တို့ကို အကျယ်ချုပ်နဲ့ထားပြီး အပြင်ထွက်ခွင့်ရတယ်။ ကျနော်တို့က ကိုယ့်ဖာသာ ချက်စားကြရတာလေ။ အပြင်ထွက် ဈေးတွေဘာတွေ ၀ယ်ချင်ရင်တော့ သူတို့ နောက်ကနေ လိုက်စောင့်တယ်။ အဲဒီမှာ ကိုဓညလင်းက တကယ်ကို တော်တယ်။ စေတနာရှိတယ်။ သူက လူငယ်တွေကို အားတဲ့အချိန်မှာ အင်္ဂလိပ်စာ သင်ပေးတယ်။ ပို့ဘလဲမှာ ဟိုးအရင် အင်္ဂလိပ်ခေတ်တုန်းက ရောက်နေတဲ့ ကရင်တွေရှိတယ်။ ကျနော်တို့ သူတို့ဆီကို သွားလည်ကြ စကားတွေပြောကြ။ သူတို့ကလည်း ကျနော်တို့ကို တော်တော်ကူညီခဲ့ကြတယ်။

ကျနော်တို့ရဲ့ ရှေ့နေမလေး တယောက် အသတ်ခံရသေးတယ်။ ဒါပေမယ့် အဲဒါကတော့ ကျနော်တို့ အမှုကိစ္စနဲ့ မဆိုင်ဘူး။ သူတို့ စီးပွားရေးကိစ္စဆိုတာ နောက်မှ ပြန်သိရတယ်။ အစကတော့ ကျနော်တို့အတွက်ကြောင့်လို့ ထင်ထားတာ။

မေး ။ ။ ဦးစောခေးတိတို့ ပို့ဘလဲမှာနေတုန်းက ဆူမားတြားငလျင်နဲ့ ဆူနာမီဒဏ်ကို ကြုံခဲ့ရသေးတယ်လို့ သိရပါတယ်။ အဲဒီတုန်းက အတွေ့အကြုံတွေကို ပြောပြပေးပါဦး။

ဖြေ ။ ။ ကျနော်တို့ ပထမ နေရတဲ့တိုက်က ၃ ထပ်တိုက် တိုက်အိုကြီး၊ တော်တော်ဆွေးနေပြီ။ တိုက်က တအားအိုနေတော့ ကျနော်တို့က ဒီကနေ ပြောင်းပေးပါ၊ ပြိုကျလိမ့်မယ်ဆိုပြီး အာဏာပိုင်တွေကို ပြောင်းခိုင်းတော့ တော်တော်နဲ့ မပြောင်းပေးဘူး။ နောက်တော့မှ ပြောင်းပေးတာ။ အဲဒီလိုနေတုန်း ၂၀၀၄ ဒီဇင်ဘာမှာ ဆူနာမီဖြစ်ပြီး ငလျင်တွေလှုပ်တော့ အဲဒီတိုက်ကြီး ပြိုသွားတယ်။ သူတို့သာ မပြောင်းပေးရင် ကျနော်တို့ အဲဒီတိုက်အောက်ပိပြီး သေပြီ။

မတ်တပ်ရပ်နေတာ ဒုန်းဒုန်းဆို လှုပ်တော့ ကျနော်လဲကျတယ်။ ဟာ … ဘာဖြစ်လဲပေါ့။ ငလျင်လှုပ်တာ အပြင်ထွက် အပြင်ထွက်ဆိုတော့ ကျနော်တို့ အဆောင်အပြင်ကို ထွက်ကြတာ မတ်တပ်တောင် မရပ်နိုင်ဘူး။ လေးဖက်ကုန်းပြီး အမြန်သွားကြတာပေါ့။ အဲဒီလိုသွားတာတောင် လူက လဲချင်တယ်။ အဲဒီတုန်းကဆို လူတွေက ယိုင်ပြီး မူးနောက်နေတာ။ အော်ကြဟစ်ကြနဲ့ပေါ့။ ကြောက်လည်းကြောက်။ တခါမှ ဒီလောက်ငလျင် မကြုံဖူးဘဲနဲ့။

မေး ။ ။ ဦးခေးတိတို့ကို အကျယ်ချုပ်နဲ့ အပြင်ထွက် လည်ခွင့်ပေးထားတာကနေ နောက်တော့ အချုပ်နဲ့ပဲ ထားတော့တယ်ဆိုတာက ဘယ်လိုဖြစ်တာလဲ။

ဖြေ ။ ။ အဲ့ဒါက တရက်တော့ ကျနော်တို့ထဲက ၂ ယောက်က ခိုးထွက်သွားတာ။ ထွက်ပြေးတာပေါ့။ သူတို့ ၂ ယောက်တော့ ဘာဖြစ်သွားလဲ ကျနော်တို့ မသိရတော့ဘူး။ အဲဒီနောက် အပြင်ထွက်ခွင့် မရတော့ဘူး။ ကျနော်တို့ကို သံဖြူဆောင်ကို ပြောင်းလိုက်တယ်။ အမိုးလည်းသံဖြူ၊ ဘေးလည်းသံဖြူနဲ့ အဆောင်ပေါ့။ ညနေပိုင်းဆို သူတို့ တံခါးပိတ်တယ်။

မေး ။ ။ ပို့ဘလဲကနေ ကာလကတ္တားကို ရောက်လာတာကရော။

ဖြေ ။ ။ ကျနော်တို့ အမှုကိုမဆုံးဖြတ်ဘူး။ ဒီလိုပဲ ထားထားတာ။ အဲဒီမှာ ကျနော်တို့ရှေ့နေက ကျနော်တို့က အပြစ်မရှိဘူး။ အမှုမှမရှိတာ လွှတ်ပေးရမယ်ဆိုတော့ Superme Court ကိုတင်၊ အမိန့်ချပြီး ကမန်းကတန်း အမှုတင်ကြတယ်။ အမှုကလည်း မဟုတ်တဲ့အမှုတွေနဲ့ တင်တယ်။ နောက်တော့ မြန်မာအသိုင်းအ၀ိုင်းနဲ့လည်း နီးအောင်ပေါ့၊ ကူညီလို့လွယ်အောင် ကာလကတ္တားထောင်ကိုပို့ပေးဖို့ ကျနော်တို့ ရှေ့နေမကြီးကို ကျနော်တို့က တောင်းတယ်။

ကာလကတ္တားထောင်ကို ဦးဆုံးရောက်တော့ ထောင်အာဏာပိုင်တွေက ကျနော်တို့ကို အကြမ်းဖက်သမားလို့ပဲ ထင်တယ်။ ကျနော်တို့ ရောက်တော့ တန်းပြီး အကျဉ်းချုပ်ကို ထည့်လိုက်တယ်။ အိန္ဒိယသားတွေ တခန်းကို တယောက်ပဲ၊ အိပ်တဲ့အခန်းမှာ ကျနော်တို့က ၃ ယောက်နေရတယ်။ အဲဒီမှာ စားဝတ်နေရေး ပြဿနာတက်တယ်။ ငါးဆို သေးသေးလေးပဲ ပေးတယ်။ တပတ်တခါ။ အနေအထိုင်လည်း ကြမ်း၊ ပန်ကာလည်းမရှိတော့ ကျနော်တို့ မခံနိုင်ဘူး။ အဲဒီ စားဝတ်နေရေးကိစ္စနဲ့ ကျနော်တို့ ပြဿနာ တခါတက်တော့ အာဏာပိုင်တွေက ထောင်သားတွေကိုခေါ်ပြီး ရိုက်ခိုင်းတယ်။ ကျနော်တို့ တော်တော်ဒဏ်ရာရသွားတယ်။ ဆေးရုံတောင် ၂ ယောက် ၃ ယောက် တင်ရတယ်။

ထောင်သမား အကျဉ်းသားတွေက မသိဘူး။ ကျနော်တို့က လူဆိုးတွေ၊ ချဆိုတော့ သူတို့ကလည်း ချတာပေါ့။ ဒါပေမယ့် နောက်တနေ့ကျမှ ကျနော်တို့ကို ပြန်တောင်းပန်တယ်။ အဲဒါတွေပြီး နောက်တော့မှ ပြည်နယ်အာဏာပိုင် အတွင်းရေးမှူးက ကျနော်တို့ဆီလာတော့ ကျနော်တို့က ရှင်းပြတယ်။ ထောင်အာဏာပိုင်နဲ့ ကျနော်တို့က ပြဿနာ ဖြစ်တာမဟုတ်ဘူး၊ အကျဉ်းသား တန်းစီးက လုပ်တာ၊ ကျနော်တို့ငါးကို ဖြတ်စားတာကိုး။ အာဏာပိုင်နဲ့ မပတ်သက်ဘူး။ ကျနော်တို့လည်း အာဏာပိုင်ကို အထင်မှားသွားတာပေါ့။ နောက်မှ အကုန်လုံး သဘောပေါက်တယ်။

နောက်ပိုင်းမှာ ကျနော်တို့ကို အခန်းကြီးတခု ပေးတယ်။ အဲဒီမှာ လွတ်လွတ်လပ်လပ်ပဲ နေရပါတယ်။ နောက် ကျနော်တို့ကို မကျန်းမာတဲ့သူတွေကို ပေးတဲ့ မုန့်တွေ၊ စားစရာတွေလို ခွဲတမ်းရတယ်။ ပထမ ၅ ယောက်စာပဲ ရတယ်။ နောက် ထောင်ပိုင်ပြောင်းတော့ ထောင်ဆရာဝန်တယောက်က ကျနော်တို့ကို အဲဒီဟာ လျှောက်ခိုင်းတာ ထပ်တင်ပြတော့ ထောင်ပိုင်ကြီးက နောက်ထပ် ၁၅ ယောက်အတွက် ထပ်ပေးတယ်။

ထောင်မှာနေရတာ လူကတော့ လွတ်လပ်ပေမယ့် စိတ်ကတော့ မလွတ်လပ်ဘူးပေါ့။ ထောင်က အကျဉ်းသားတွေလည်း ကျနော်တို့ကို တအားခင်တယ်။ အဲဒီမှာ လူဆိုးဂိုဏ်းက လူတွေရှိတယ်။ ကျနော်တို့က ထောင်ထဲရောက်တော့ အဲဒီလူဆိုးတယောက်က ကျနော်တို့ရဲ့ တန်းစီးဖြစ်နေတယ်။ သူ ကျနော်တို့ကို တော်တော်ကူညီခဲ့တယ်။ နောက်ပိုင်းတော့ သူက ထောင်ပြောင်းသွားတယ်။ အဲဒီမှာ သူတို့ထောင်ထဲ ခိုးသွင်းလာတဲ့ ဖုန်းတွေဘာတွေဆို ကျနော်တို့က တခါမှ မမြင်ဖူးဘူးပေါ့။ သူတို့က စီးပွားရေးသမားတွေဆိုတော့ ဖုန်းတွေကို အာဏာပိုင်တွေဆီကနေသွင်းတယ်။ ဖိနပ်တွေထဲ ထည့်ပြီး ခိုးသွင်းတယ်ပေါ့။

ထောင်ထဲမှာ ဘောလုံးကန်ဖို့အတွက်ဆိုပြီး လာခေါ်တော့ မောင်နိုင်နဲ့ သာမြ ၂ ယောက်ကိုခေါ်တယ်။ သူတို့က ဘောလုံးကန် ကောင်းတယ်။ အဲဒီမှာ ဆုရခဲ့တယ်။ နောက်နှစ်မှာ ကျနော်တို့ ၃၄ ယောက်ကို အသင်းဖွဲ့ပေးပြီး ထောင်ထဲ ဘောလုံးပြိုင်ပွဲမှာ ဘောလုံးကန်ကြတာ။ ကျနော်တို့ကို အင်္ကျီတွေဘာတွေ လုပ်ပေးတာ။ အိန္ဒိယသားတွေက မရဘူး။ ကျနော်တို့ကို ဦးစားပေးတာပေါ့။ ကျနော်တို့က မကန်ချင်ဘူး။ အသက်တွေက ကြီးသွားပြီလေ။ ဒါပေမယ့် သူတို့က ကန်ပါဆိုတော့ တတ်တဲ့သူရော မတတ်တဲ့သူရော သွင်းချပလိုက်တာ။ ကံကောင်းချင်တော့ ကျနော်တို့ ဒုတိယဆုရတယ်။

မေး ။ ။ နှစ်တွေအကြာကြီး အမှုရင်ဆိုင်နေရပြီးမှ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အပြီးသတ် အမှုစီရင်တော့ ချုပ်ရက်တွေ လျှော့ရက်ရပြီး လွတ်ရမှာကို ဒဏ်ငွေဆောင်ခိုင်းတာရယ်၊ ဒဏ်ငွေဆောင်ပြီးတာတောင် မလွှတ်ပေးတာကို ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ဒဏ်ငွေချပြီးတော့ လွှတ်မပေးတော့ ကျနော်တို့လည်း နားမလည်လောက်အောင် ဖြစ်နေတယ်။ အမှန်မှန်ဆို ရှင်းရှင်းပြောရရင် ကျနော်တို့ကို ထောင်မချလို့မရဘူး ချကိုချမှရမယ်ဆိုတဲ့ သဘောမျိုးလုပ်တာ။ သူတို့ပေါ်လစီကို ကျနော်တို့ နားမလည်ဘူး။ အိန္ဒိယက အရှေ့မျှော်ပေါ်လစီနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးတွေဘာတွေ လုပ်နေတာတွေရှိတော့ ကျနော်တို့ကို ဖမ်းတာပေါ့ဗျာ။ ကျနော်တို့က ဓားစာခံလိုဖြစ်နေတာပေါ့။ ကျနော်တို့ အဲလိုပဲ ပြောတတ်တယ်။

အမှုကိစ္စအတွက် ကျနော်တို့ ရှေ့နေမကြီး နန်ဒီတာ ဟတ်ခ်ဆာနဲ့ တခြားသူတွေက ၀ိုင်းဝန်းကူညီပေးကြတော့ ကျနော်တို့လည်း အခုလို လွတ်လာရတာပေါ့။

မေး ။ ။ ဦးစောခေးတိတို့ကို လွှတ်ပေးတော့မယ်ဆိုတာ ဘယ်လိုလုပ်သိလဲ။ လွှတ်ပေးမယ် ကြားတော့ရော ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ လွတ်တော့မယ်ဆိုတာ ကျနော်တို့ကို ခင်တဲ့သူတွေက လာပြောပြတာပေါ့ဗျာ။ အစောက လူဆိုးဂိုဏ်းက ကျနော်တို့နဲ့ ခင်နေတဲ့သူတွေပေါ့။ သူတို့က အဆက်အသွယ်တွေ ရှိတာကိုး။ အာဏာပိုင်ကလည်း လာပြောပြတယ်လေ။ လွတ်တော့မယ်ဆိုတော့။ သူတို့ကလည်း လွတ်စေချင်တယ်၊ ၀မ်းသာတယ်ပေါ့။ ကျနော်တို့က UNHCR ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီးပြီပေါ့။ အစိုးရက ကျနော်တို့ကို အိန္ဒိယမှာ ၁ နှစ် တရားဝင်နေခွင့် ပေးတယ်ပေါ့။ ပျော်တာပေါ့။ ဘာပြောကောင်းမလဲ။ စောင့်ရတာ ဘယ်နှခါစောင့်နေရတယ် မသိဘူး။ ရယ်ဒီလုပ်ထားကြတာ။ တခါပြီးတခါ။ တခါပြီး တခါ။

လွတ်တဲ့နေ့မှာတော့ စကားတောင် ပြောမထွက်ဘူး။ ထောင်ဝမှာ အိန္ဒိယနိုင်ငံသားတွေက ကျနော်တို့ကို ကြိုဆိုတာ။ တခါတည်း ဆန္ဒပြတာ အုပ်လိုက်ကြီးဖြစ်နေတာ။ လက်ခုပ်တွေတီးကြ။ ကင်မရာတွေကလည်း ရေလို့ မရဘူး။ အကုန်ကြိုဆိုတာ။ တခါတည်း လူက မျက်ရည်တောင်ကျတဲ့အထိ ရောက်သွားတာ။ စိတ်မကောင်းဘူးပေါ့။ ကျနော်တို့ ဘ၀မှာ ဒီလိုမျိုး တခါမှ မခံစားရဘူးပေါ့။ သူတို့လည်း ကျနော်တို့အတွက် ၀မ်းသာတာပေါ့။ ၀မ်းနည်းဝမ်းသာ။ ၀မ်းသာသော မျက်ရည်ပေါ့ဗျာ။

ပျောက်သွားတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေကို သတိတော့ရတာပေါ့။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ အပြင်ရောက်တော့ ကမ္ဘာကြီးက အသစ်ဖြစ်သွားတာ။ ၁၃ နှစ် ထောင်ထဲမှာနေရတော့ အဖြစ်တွေက တအားမြန်တာကိုး။ ကျနော်တို့ရဲ့ တော်လှန်ရေးထဲမှာ ပန်းကုံးစွပ်တာဆိုတာ တိုက်ပွဲအောင်မြင်ပြီး ပြန်လာတဲ့သူတွေကို ကြိုဆိုတာပေါ့။ ဒါပေမယ့် ဒေလီရောက်တော့ ကျနော်တို့ကို အောင်ပွဲခံလာသူတွေလို ပန်းကုံးတွေစွပ်ပြီး ကြိုဆိုကြတော့ ၀မ်းသာတာ ပြောပြလို့မတတ်ဘူး။

မေး ။ ။ အခု လွတ်လာပြီဆိုတော့ မိသားစုနဲ့ အဆက်အသွယ်ရပြီလား။ ရှေ့ဆက် ဘာလုပ်မယ်စိတ်ကူးလဲ။

ဖြေ ။ ။ တချို့လည်း မိဘတွေ မရှိတော့ဘူး။ မောင်နှမတွေကို ပြန်လိုက်ရှာကြပေါ့။

အခုလောလောဆယ်တော့ ရှေ့ဆက်ဘာလုပ်ရမလဲ မသိသေးဘူး။ ကရင်ပြည်လည်း ပြန်ချင်တယ်။ ဒါပေမယ့် အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ အခုက လွတ်လာပြီဆိုပေမယ့်လည်း ကိုယ့်တိုင်းပြည် ကိုယ့်နေရာမဟုတ်တော့ လုံခြုံရေးအတွက်လည်း စိတ်ပူသေးတယ်။ တတ်နိုင်သလောက်ကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် လုပ်သွားဦးမှာပေါ့။ ။

No comments:

Post a Comment