ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်မြို့ အရှေ့ဘက် ၄မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ (၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ဦးကို ယခုလ ၁၃ရက်နေ့က ဖမ်းဆီးကာ သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၉)လက်အောက်ခံ ဗိုလ်ကြီးစိုးစံမိုး ဦးစီးသည့် ခမရ(၃၇၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် မဲ့သင်္ခါလေးရွာသား စောအယ်ထူး ၄၈နှစ်နှင့် စောကလယ်ဖေါ ၃၃နှစ်တို့အား ပေါ်တာအထမ်းသမားများအဖြစ် ရွာထဲမှ ဖမ်းဆီး ပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။
“ဒီလ ၁၃ရက်နေ့ပေါ့နော်။ ခမရ(၃၇၄)တပ်ရင်းက မဲ့သင်္ခါလေးရွာသား စောအယ်ထူးနဲ့ စောကလယ်ဖောကို အထမ်းသမားအ ဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မဲ့သင်္ခါကြီးရွာကိုရောက်တော့ အဲဒီရွာသားနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဘာကြောင့် သတ်ပစ်တာလဲတော့ ဘယ်သူမှ မသိကြဘူး။”ဟု ၎င်းဒေသခံက ပြောသည်။
သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များမှာ ယခင်နှစ်များကလည်း ဒေသခံ ရွာသားများအား အကြောင်းမဲ့ ပစ်သတ်မှုမျိုး အလားတူ ရှိခဲ့သော်လည်း ယခုနှစ်၊ ဇူလိုင်လအတွင်း ပထမဦးဆုံး ဖြစ်ပွားခြင်းဖြစ်သည်။
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
 
 
No comments:
Post a Comment