Wednesday 16 November 2011

လူငယ်များရဲ့ စကားလက်ဆောင်

KIC Tuesday, 15 November 2011-- စောဘလက်(စ်)အေဇက် ၂၅နှစ်
ဝါသနာ စစ်ရေးခေါင်းဆောင်
ပညာအရည်အချင်း ဆယ်တန်းအောင်
ကျနော့်ဇာတိက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ခိုဝယ်ရွာမှာ မွေးပါတယ်။ မောင်နှမ ၅ယောက်မှာ ကျနော်က လေး ယောက်မြောက် ဖြစ်ပါတယ်။ တိုင်းပြည်လည်း ငြိမ်းချမ်းမှုမရှိ၊ နယ်မြေလည်း မတည်မငြိမ် ဖြစ်နေတော့ မိသားစုရဲ့ စီးပွားရေး အခြေအနေလည်း မကောင်းပြန်တော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ချင်တယ်။ ဒါပေမဲ့ မိသားစု စားဝတ်နေရေး အဆင်မပြေတဲ့အပေါ်မှာ ၁၀တန်းအောင်တဲ့အထိပဲ ကျောင်းပညာကို အဆုံးသတ်ခဲ့ရတယ်။
ကျနော်ငယ်ငယ်တုန်းကတော့ အဆိုတော်နဲ့ ခရစ်ယာန်အသင်းအုပ်ဆရာ ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ လူမှန်းသူမှန်း သိတတ်လာ တဲ့အရွယ်ရောက်တော့ ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အဲဒါနဲ့ကျနော် စဉ်းစားလိုက်တယ်။ ကိုယ့်လူမျိုးတွေ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ကင်းလွတ်အောင် ကိုယ့်လူမျိုးတွေအတွက် ဘာလုပ်သင့်သလဲဆိုတာ စဉ်းစားရင်းနဲ့ ကရင့်တော်လှန်ရေးထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၀၉ခုနှစ်မှာ ကရင့်တော်လှန်ရေးထဲ ကျနော် ၀င်လိုက်ပါတယ်။
တော်လှန်ရေးထဲမှာ တနှစ်အကြာ ခရိုင်ဥက္ကဌက ကျနော့်ကို ကရင်မျိုးဆက်သစ် သင်တန်းကျောင်းကို ပို့မယ်ဆိုပြီး ကျောင်းရဲ့ ရည်မှန်းချက်၊ လိုက်နာရမဲ့ စည်းကမ်းချက်တွေကိုပါ ကျနော့်ကို ရှင်းပြခဲ့တယ်။ အဲဒါနဲ့ ကျနော် ကရင်မျိုးဆက်သစ်ကျောင်းကို နယ်စပ်တစ်နေရာမှာ တက်ခဲ့ပါတယ်။ ကရင်မျိုးဆက်သစ်ကျောင်းက တနှစ်နဲ့ ရှစ်လ တက်ရပါတယ်။ အဲဒီကြားထဲမှာ ဗဟုသု တ၊ အတွေ့အကြုံရဖို့အတွက် ကေအဲန်ယူ ထိန်းချုပ်တဲ့ ခရိုင် ၇ခုမှာ Intern (အလုပ်သင်) ၃လ ဆင်းခဲ့ရပါတယ်။ ကရင်မျိုး ဆက်သစ်ကျောင်းက လူငယ်တွေအတွက် အရမ်းကောင်းတဲ့ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုနဲ့ ကရင့်သမိုင်းအကြောင်းအရာ စသည့်ဘာသာပေါင်းများစွာ သင်ကြားခဲ့ရပါတယ်။ ဒီကျောင်းမှာတက်ရင်း အတွေ့အကြုံတွေ၊ စီမံခန့်ခွဲမှုတွေ ကိုယ့်ကရင်သမိုင်းကြောင်းရာတွေ အများကြီး သိလာတယ်။ ကျနော် ကျောင်းပြီးရင် ကျရာတာဝန်ကို ကျေပြွန် အောင် ထမ်းဆောင်သွားမယ်။
လူငယ်တယောက်အနေနဲ့ ညီအစ်ကိုမောင်နှမအားလုံးကို ကျနော်ပြောချင်တာ အခု တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် လူငယ်တွေ လိုအပ်တယ်။ ပြီးတော့ ခေါင်းဆောင်တွေ ပုခုံးလွဲပြောင်း တာဝန်ပေးဖို့အတွက် လူငယ်တွေ လိုအပ်နေတယ်။ အဲဒါကြောင့် လူငယ်တွေ ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် စိတ်ဓာတ်မကျဘဲ တိုင်းပြည်နဲ့လူမျိုး လွတ်မြောက်ဖို့အတွက် ကိုယ် စွမ်းရှိသမျှ ကြိုးစားပြီး လုပ်ဆောင်ကြပါလို့ ကျနော် အဲလိုပဲ ပြောချင်ပါတယ်။

No comments:

Post a Comment