ချင်းမိုင် (မဇ္ဈိမ) ။ ။ ကပ္ပလီပင်လယ် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်းတွင် ၁၉၉၈ ကတည်းက အိန္ဒိယစစ်တပ် ဖမ်းဆီးခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၄ ဦးအနက် ၃၁ ဦး ကိုလ်ကာတာ အကျဉ်းထောင်မှ ကြာသပတေးနေ့တွင် ပြန်လွတ်လာပြီ ဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်အဖြစ် ယခုနှစ် ဧပြီလတွင် အသိအမှတ် ပြုခဲ့ပြီးနောက် ၃၁ ဦးကို ကိုလ်ကာတာမြို့ရှိ အလီပူ ပရက်စီဒင်စီ ပြုပြင်ရေးစခန်း ခေါ် အကျဉ်းထောင်မှ ပြန်လွှတ်ပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့သည်။
ကျန် ၃ ဦးကို အန္ဒမန်ကျွန်းစု ပို့ဘလဲသို့ပြန်ပို့ပြီး မပြီးပြတ်သေးသော အမှုများကို ရင်ဆိုင်ရဦးမည်ဖြစ်ကာ ထိုအမှုများ ပြီးပြတ်မှ ပြန်လည်လွတ်မြောက်လာမည်ဖြစ်သည်။
၃၄ ဦးထဲတွင် ၁၁ ဦးမှာ ကရင်အမျိုးသားအစည်းအရုံး KNU မှဖြစ်ပြီး ၂၃ ဦးမှာ ယခုမရှိတော့ပြီဖြစ်သော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ NUPA မှ ဖြစ်သည်။
၎င်းတို့လွတ်မြောက်ရေးအတွက် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းထံ စာရေးသားပေးပို့ခဲ့ပြီး ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုရန်လည်း ကုလသမဂ္ဂသို့ စာရေးသားပေးပို့ခဲ့သူ အမျိုးသား ညွန့်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက ယခုဖြစ်ရပ်သည် လွတ်မြောက်ရေးတိုက်ပွဲဝင် တပ်သားများအတွက် အောင်ပွဲတခုဖြစ်ကာ ယင်းအဖြစ်အပျက်က တကယ့်ဒီမိုကရေစီနှင့် မြန်မာနိုင်ငံရှိ အခြေအနေများအကြား ခြားနားချက်ကို ဖော်ပြနေသည်ဟု မဇ္ဈိမကို ပြောကြားသည်။
‘‘ဒါ တကယ့်သတင်းကောင်းပါ။ ဒီအတွက် အိန္ဒိယအစိုးရကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံက ပြောနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာနဲ့ အခု အိန္ဒိယနိုင်ငံက ထိန်းသိမ်းခံရသူတွေအကြား အဖြစ်အပျက်က သာမန်တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒါကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီမိုကရေစီရှိတာနဲ့ ဒီမိုကရေစီ ကင်းမဲ့တာရဲ့ ခြားနားချက်ကို အသေအချာ ဖော်ပြနေတာပါ။ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို ကျနော်တို့ တကယ့်ကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံသားတွေအဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ရရှိဖို့အတွက် အရင်ထက်ပိုပြီး ကြိုးပမ်းရအုံးမယ်ဆိုတာ ဒီအဖြစ်အပျက်က ပြသနေပါတယ်’’ ဟု သူက ဆိုသည်။
ကျန် ၃ ဦးနှင့် ပတ်သက်၍ ဒေါက်တာတင့်ဆွေက ‘‘၎င်းတို့ကို နောက်ဆုံးတွင် လွှတ်ပေးလိမ့်မည်ဟု ယုံကြည်သော်လည်း ဆက်လက်ထိန်းသိမ်းခံရကာ အမှုရင်ဆိုင်ရဦးမည့် အရေးအတွက် စိတ်မကောင်း ဖြစ်မိကြောင်း’’ ပြောသည်။
အဆိုပါ NUPA နှင့် KNU တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ ပိုက်နက်နယ်မြေပေါ်တွင် ၁၃ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး သူတို့သည် `ပင်လယ်မျှော့စစ်ဆင်ရေး´ စစ်ဆင်ရေးအတွင်း ၁၉၉၈ ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ လျှို့ဝှက်စစ်ဆင်ရေးကို ဒုဗိုလ်မှူးကြီးဂရေးဝေါ ဆိုသည့် အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိတဦးက စီစဉ်လုပ်ဆောင်ခဲ့ကာ မျိုးချစ်သူပုန်များကို အစုအပြုံလိုက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သူတို့ထဲမှ ခေါင်းဆောင် ၆ ဦးကို အန္ဒမန်ကျွန်းစု လန်းဖောကျွန်းတွင် အိန္ဒိယစစ်တပ်က သတ်ဖြတ်ခဲ့သည်။
မူလက မျိုးချစ်သူပုန် ၃၆ ဦးကို ထိန်းသိမ်းထားရှိခဲ့ပြီး ၂ ဦးမှာ ချုပ်နှောင်ထားရာမှ လွတ်မြောက်သွားခဲ့ကာ ယခုထိ ပျောက်ဆုံးနေသည်။ လွတ်မြောက်ရေး ကြိုးပမ်းမှု အောင်မြင်သွားသလား၊ ရေနစ်သေဆုံး သို့မဟုတ် အိန္ဒိယစစ်တပ် ဖမ်းဆီးကွပ်မျက်မှုခံလိုက်ရသလား ဆိုသည်ကိုမူ မသိရသေးပါ။
မြန်မာစစ်အစိုးရကို တိုက်ခိုက်ရန်အတွက် လုံခြုံသည့် အခြေစိုက်စခန်း ပေးမည်ဟု ဒုဗိုလ်မှူးကြီးဂရေးဝေါက ဖျားယောင်းသွေးဆောင်ကာ လန်းဖောကျွန်းသို့ လိမ်လည်ခေါ်ယူရန် အစီအစဉ်တကျ စီမံခဲ့သည်ဟု ဆိုသည်။
အဖမ်းခံရပြီးနောက် ၎င်းတို့ကို အန္ဒမန်ကျွန်းစု မြို့တော်ပို့ဘလဲ ထိန်းသိမ်းရေးစခန်းတွင် ၈ နှစ်ကြာ ထားရှိခဲ့သည်။ လူ့အခွင့်အရေး ရှေ့နေများနှင့် နိုင်ငံရေးသမားများက သူတို့ကိုယ်စား ဆောင်ရွက်ပေးပြီးနောက်မှ သူတို့ကို ၂ဝဝ၆ အောက်တိုဘာတွင် ကိုလ်ကာတာထောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ ပို့ဘလဲတွင် ၈ နှစ်ကြာပြီးမှ သူတို့ကို ရုံးတင်စစ်ဆေးမှု စတင်ခဲ့သည်။
အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ CBI က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲပါ ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံကာ သူတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုဖြင့် တရားစွဲခဲ့သည်။ ၎င်း လက်နက်ခဲယမ်းများသည် အိန္ဒိယ အရှေ့မြောက်ဒေသရှိ
သောင်းကျန်းသူများကို ပေးပို့ရန် ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
အထိန်းသိမ်းခံကာလ ၁၂ နှစ်နှင့် ရုံးတင်ကာလ ၄ နှစ်နီးပါးကြာမှ ၎င်းတို့ ၃၄ ဦး အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၆၅ (ခ) အရ လျှောက်ထားနိုင်ခဲ့သည်။ အဆိုပါ လျှောက်ထားမှုကို သဘောတူခဲ့ကာ ထိန်းသိမ်းခံထားရသူ ၃၄ ဦးကို တဦးလျှင် ဒဏ်ငွေ ရူပီး ၆ဝဝဝ ပေးဆောင်စေကာ ထောင်ဒဏ် ၃ နှစ်လည်း ချမှတ်ခဲ့သည်။ သို့သော် သူတို့အနေဖြင့် အဆိုပါပြစ်ဒဏ်ကို ကျခံပြီးဖြစ်သည့်အတွက် ပယ်ဖျက်ပေးခဲ့သည်။
အမှန်တကယ် ချုပ်နှောင်ခံခဲ့ရသော ၁၃ နှစ်မှာ သူတို့ကို စွဲဆိုထားသည့် ပုဒ်မများအရ အမြင့်ဆုံး ကျခံရမည့်
ထောင်ဒဏ် ၇ နှစ်၏ နှစ်ဆနီးပါး ရှိနေပြီဖြစ်သည်။
CBI က မျိုးချစ်သူပုန်များကို စွဲဆိုခဲ့သော အမှုတွင် အဓိက သက်သေဖြစ်ပြီး ယခုစစ်ဆင်ရေးကို အဓိက ကြိုးကိုင်စီစဉ်သူလည်းဖြစ် သူတို့အုပ်စုကို မူလပထမ ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ဒုဗိုလ်မှူးကြီး ဂရေးဝေါကို တရားရုံးတွင် တင်ပြနိုင်ခြင်း မရှိခဲ့သည့်အတွက် မခိုင်မလုံ ဖြစ်နေခဲ့သည်။
ယခုအခါ ရန်ကုန်တွင် နေထိုင်သည်ဟု ယူဆရပြီး အစုအပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပေးနိုင်ခဲ့သဖြင့် စစ်အစိုးရ
ပေးသည့် ငွေကြေးဖြင့် ရပ်တည်နေသည်ဟု ယူဆရသည်။
လွတ်မြောက်ရေး တိုက်ပွဲဝင်တပ်သား ၃၄ ဦး၏ အမည်များ
၁။ ကိုစိုးနိုင်
၂။ ကိုသိမ်းအောင်ကျော်
၃။ ကိုအောင်နိုင်ဝင်း
၎။ ကိုခင်မောင်ကြည်
၅။ ခိုင်စိုးလင်း
၆။ ကိုမင်းသာထွန်း
၇။ ကိုရဲထက်
၈။ ကိုဟေလီ
၉။ ကိုဖိုးချို
၁ဝ။ ကိုခေးတိ
၁၁။ ကိုချာတိုးတိုး
၁၂။ ကိုချာမူချေး
၁၃။ ကိုသိန်းကျော်အောင်
၁၄။ ကိုချန်ဒူး
၁၅။ ခိုင်ရွှေလင်း
၁၆။ ကိုစိုးစိုး
၁၇။ ခိုင်စံသိန်း
၁၈။ ကိုမောင်ညိုစိန်
၁၉။ ကိုမျိုးမြတ်
၂ဝ။ ကိုလူလူ
၂၁။ စောဘို
၂၂။ ကိုဆန်းလွင်
၂၃။ ယွာဟေသား
၂၄။ ကိုဓညလင်း
၂၅။ ကိုဇော်လင်း
၂၆။ ကိုမိုးမင်းထွန်း
၂၇။ ကိုထွန်းရီ
၂၈။ ခိုင်လ
၂၉။ ခိုင်သာမြ
၃ဝ။ ကိုအောင်ဇော်မင်း
၃၁။ ကိုမောင်ခင်အေး
၃၂။ ကိုဒါအေး
၃၃။ ကိုရွေလာ
၃၄။ ကိုမောင်နိုင်
No comments:
Post a Comment