တောင်ကုန်းလေးတခုပေါ်တက်ရင်း---ကိုခင်ဝမ်းရဲ့ “နှင်း” သီချင်းထဲကို စိတ်လိုလက်ရဆိုနေမိတယ်။
****နေမကွယ်သေးတဲ့ ညနေခင်းတွေ၊ ရင်ခုန်ငြိမ်းတဲ့အခါ
လျော့ရဲတဲ့ အပြုံးလေးကို ကိုယ်လည်း ပြန်ပြုံးပြနိုင်မှာ ****
*****ခုတော့ ပင်လယ်ပဲ ရှိတယ်
ပင်လယ်ဟာ ကိုယ်ပဲ ယုံမှားနေတော့တယ်။****
မတ်လရဲ့ တိုက်ပွဲဝင်ရဲဘော်အားလုံးကို “ အနက်မှောင်ဆုံး ပင်လယ်” ဆိုတဲ့ ဆောင်းပါးဟောင်းလေးနဲ့ နှုတ်ဆက်ချင်ပါတယ်။ ကျနော်ဘယ်မှာရောက်နေလဲ။ ခင်ဗျားဘယ်မှာ ရှိနေမလဲ။ သိတ်တော့ အရေးကြီးတဲ့ ကိစ္စတွေ မဟုတ်တော့ပါဘူး။
ကိုယ့်နှလုံးသားကို သစ္စာရှိကြဖို့ပဲ လိုတာပါ။
အနက်မှောင်ဆုံး ပင်လယ်
ကျနော်တို့ (၁၅) ယောက်ကို အင်းစိန်ထောင်ရဲ့သီးသန့်ဆောင်မှာ ဖမ်းဆီးထားခြဲ့ကတယ်။
တပေါင်းလဆိုတော့ ပူကလည်းပူ၊ လကလည်းသာနေတယ်လေ။ ကျနော်တို့ရဲ့အခန်းထဲကနေ လှမ်းကြည့်လိုက်ရင်
မြင်ကွင်းတွေ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ကားကြီးတွေပေါ်က လူတွေဝေကနဲအန်ကျလာတယ်။
တချို့ကလှုပ်နိုင်သေးတယ်။ လမ်းလျှောက်နိုင်တဲ့သူတွေကို ရိုက်ပြီး အချုပ်ခန်းထထဲ ည့်တယ်။
မသေမရှင်ဖြစ်နေတဲ့သူတွေ၊ မလှုပ်နိုင်တော့တဲ့သူတွေကို ကားတစီးပေါ် အပုံလိုက်ပစ်တင်တယ်။
နောက်မှ သိရတာ။ သူတို့ကို ကြံတောမှာ မီးရှို့သဂြိုလ်ပစ်လိုက်တယ် တဲ့။ ဘဝတလျှောက်လုံး အဲ့ဒီ မြင်ကွင်းကြီးက စွဲနေတာဗျာ။
လသာတဲ့အခါတိုင်း အလောင်းတွေကို ဘယ်သူတွေကလာကောက်မလဲ လို့ အထိတ်တလန့်တွေးနေမိတယ်။
မတ်လရဲ့ ပူပြင်းမှုကိုအန်တုနေတဲ့ လရောင်တွေအောက်မှာ သစ်ရွက်ကြွေတွေရွေ့နေပုံက ကျောစိမ့်စရာကောင်းတယ်။
ကျနော် ဒီနေ့၊ မုန်တိုင်းရဲ့ ဗဟိုချက်မအောက်မှာ ရောက်နေတဲ့ လူအားလုံးရဲ့စံနက်တံတွေကို တချောင်းချင်းဖြုတ်ချကြည့်မိတယ်။
ပင်လယ်ကို ဒဏ်ရာနဲ့ပျိုးယူထားတဲ့အနက်မှောင်ဆုံးကမ်းခြေမှာ--
ဖိနပ်တဖက်၊ သွေးစွန်းနေတဲ့ အင်္ကျီတထည်
မှုံပျပျ မီးရောင်အောက်က ရဲဘော်ဘုန်းမော်ရဲ့ဈာပန
ကျနော်တို့ မေ့လို့မရသေးပါဘူး
ခြေရာ (၁)
မတ်လ ၁၂ ရက် ညနေခင်း
“ကျနော်က စခန်းသာဆောင်မှာ နေခဲ့တဲ့ကျောင်းသားလေ။ စခန်းသာဆောင်ဆိုတာ ရန်ကုန်စက်မှု့တက္ကသိုလ်ရဲ့လမ်းတဘက်မှာ
ရှိတဲ့ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံ နားကရပ်ကွက်ထဲမှာရှိတဲ့အပြင်ဆောင်၊ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စာမေးပွဲကျရင်၊
အစိုးရဆောင်တွေမှာနေခွင့်မရှိတော့ဘူး။ ဒါကြောင့်အပြင်ဆောင်မှာ ငှားနေကြရတယ်။ ကျော်ဆန်းဝင်း၊ဝင်းမြင့်(နွားထိုးကြီး)
ဝင်းမြင့် ( ပုလဲ) တို့ကလည်းအဲ့ဒီအဆောင်မှာနေနေတဲ့သူတွေဆိုတော့ ညနေစောင်းပြီဆိုရင် သံလမ်းဘေးက
စန္ဒာဝင်းလက်ဘက်ရည်ဆိုင်လေးမှာ သွားထိုင်ကြတယ်။ ပြောင်းဖွင့်တဲ့အချိန်မှာ ပြဿနာစတက်တော့တာပဲ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လက်ဘက်ရည်ဆိုင်က ကောင်မလေးက ကျနော်တို့ RIT ကျောင်းသားတွေအပေါ်
မျက်နှာသာပေးတဲ့ကိစ္စကို ရပ်ကွက်ကောင်စီလူကြီးသားက ကျေနပ်ပုံမရဘူး။ ကျောင်းသားတွေကို မိုက်ကြည့်ကြည့်တယ်။ ရန်စတယ်။
မဆလ အသိုင်းအဝိုင်းကလာတဲ့ကောင်ဆိုတော့ အာဏာကိုလိုအပ်ရင် ရာဇဝတ်မှု့နဲ့ပေါင်းကျူးလွန်ဖို့ ဝန်လေးဟန်မတူဘူး။
ပြဿနာကိုရှောင်ချင်တာနဲ့ ဆိုင်ကနေထွက်ဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီကောင်က အင်မတန်ရန်လိုတဲ့သူလေ။
ကျော်ဆန်းဝင်းလည်းထသွားရော ခွေးခြေခုံနဲ့ထရိုက်တယ်။ ကျော်ဆန်းဝင်း ခေါင်းကွဲသွားတယ်။ ကျနော်တို့ကလည်း
ပြန်ချဖို့ပြင်လိုက်ကြတယ်။ ဆိုင်တခုလုံးဝရုန်းသုန်းကားဖြစ်သွားပြီလေ။ ကျနော်တို့လည်း စခန်းသာဆောင်ကို ပြန်လာခဲ့ကြတယ်။
လူပြန်စုပြီး ရပ်ကွက်ကောင်စီရုံးကိုသွားကြတယ်။ ကောင်စီရုံးက ရန်စတိုက်ခိုက်တဲ့ လူငယ်တွေကို အရေးယူပေးပါမယ်ဆိုပြီး
ကျနော်တို့ကိုချွေးသိပ်လွှတ်လိုက်တယ်။ ဒါပေမဲ့ နောက်တနေ့မှာ လဘ္ကက်ရည်ဆိုင်ကိုပြန်သွားတော့ ကောင်စီလူကြီးရဲ့သားကိုပြန်တွေ့
ရပြန်တယ်။ သူက ကျောင်းသားတွေကို မခိုးမခန့်ပြုံးပြီးထွက်သွားတယ်။ ကျနော်တို့တတွေ၊ ထောင်းကနဲဒေါသထွက်သွားကြတယ်။
အားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး ရပ်ကွက်ကောင်စီရုံးကိုသွားကြဖို့ဆုံးဖြတ်လိုက်တယ်။
ကောင်စီရုံးမှာရှိတဲ့လူတွေကလည်း သိတ်ပြီးအချိုးပြေတာမဟုတ်ပါဘူး။ ကျနော်တို့နဲ့သူတို့ကြားမှာ အခြေအတင်စကားများနေတုံး
တစုံတယောက်က ကောင်စီရုံးကို မီးရှို့လိုက်ပုံရတယ်။ မီးလန့်သံချောင်းခေါက်သံတွေကို ကြားရတော့တာပဲ။
ကျောင်းသားတွေ ရပ်ကွက်ကိုမီးနဲ့ရှို့နေတယ်ဆိုပြီး မဆလလူကြီးတွေက ကျနော်တို့ကို ရပ်ကွက်နဲ့ရန်တိုက်ပေးတယ်လေ။
တကယ်တော့ အဲ့ဒီရပ်ကွက်ဆိုတာ သံလမ်းဘေးကကျူးကျော်ရပ်ကွက်ဖြစ်တဲ့အပြင်၊ ခါးပိုက်နှိုက်၊အလစ်သုတ်တဲ့ လူဆိုးလူမိုက်တွေ
အများအပြားနေထိုင်တဲ့ရပ်ကွက်၊ သေမထူးနေမထူးတွေကအများကြီး။ ကျနော်သတိထားမိလိုက်တဲ့အချိန်မှာ
ငှက်ကြီးရောင်ဓါးတဝင်းဝင်းနဲ့ ရှေ့တိုးလာတဲ့လူတွေကိုတွေ့ရတယ်။ သူတို့လက်ထဲက ဓါးနဲ့ ဝင်းမြင့်(ပုလဲ) ကို စလွယ်သိုင်း
ခုတ်ချလိုက်တာတွေ့ရတယ်။ ဝင်းမြင့်(နွားထိုးကြီး) ကို ကြည့်လိုက်ပြန်တော့လည်း ခေါင်းမှာ သွေးကျနေပြီ။
ခဲတွေကလည်းပလူပျံနေတယ်။ အမှောင်ထဲမှာ မမြင်နိုင်တဲ့အရိပ်တွေက စူးစူးဝါးဝါးအော်ဟစ်သံတွေကြားလာရတယ်။
ကျနော်တို့တတွေ ရပ်ကွက်ထဲကနေ အရပြန်ထွက်ဖို့စိတ်ကူးလိုက်ကြတယ်”
တရုတ်စကားပန်းတွေ အနှေးကြွေနေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ပင်မအဆောက်အဦရဲ့ ဘယ်ဘက်ထောင့်မှာ
ကောင်မလေးတယောက်သက်ပြင်းနဲ့လှနေတဲ့ ညနေရီရီတွေမရှိ၊ “ အပြုံးတွေကိုချွေချွေတာတာသုံးစမ်းပါဗျာ၊ ခင်ဗျားပြုံးလိုက်တိုင်း
ကျနော့အသက်ပါသွားတတ်တာ ခင်ဗျားသိလား” လို့ ရွှတ်နှောက်နှောက်ပြောလေ့ရှိတဲ့ ကောင်လေးတွေလည်းမရှိ။ အသံတွေ--
အသံတွေ---- ကျနော့်ဆီ အစီအစဉ်မဲ့ထိုးခွဲနေကြတယ်။
ကျနော့ပခုံးပေါ်မှာ လွယ်ထားတဲ့ လွယ်အိပ်လေးလည်း ကြိုးပြတ် လို့---
လေဟာနယ်ထဲမှာ မီးလောင်နေတဲ့စွယ်တော်ရွက်တွေကို ကောက်ယူကြည့်ဖို့ကြိုးစားနေမိတယ်။
အိပ်သူမဲ့ ကုတင်တွေ၊ လိပ်ပြာသေတွေ၊ အဆောင်ကော်ရစ်တာမှာ ကျွံဝင်လာတဲ့ သွေးညှီနံ့တွေ----- အော်--- အဲ့ဒီညကို-- ကျနော့ဘာသာ ပြန်ရှာကြည့်နေမိတယ်။
ခြေရာ(၂)
မတ်လ(၁၃)၊ ညဦးယံ
ကျနော်တို့ကျောင်းက ပါမောက္ခတွေ၊ အဆောင်မှူးတွေလည်းရောက်လာပြီး ကျနော်တို့ကို မိမိကျောင်းဝင်းအတွင်းဆီကိုပြန်သွားကြဖို့
ဖျောင်းဖျခေါ်ဆောင်ခဲ့ကြတယ်။ ကျောင်းသားတွေက အေးအေးဆေးဆေးပြန်ဆုတ်ခွာလာကြပါပြီ။ တချို့ ကျောင်းရှေ့ဘတ်စ်ကား