Monday 26 March 2012

(KNU) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိ

MNM_07(KNU) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် လာမည့်ဧပြီလ (၂) ရက်နေ့၌ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးရန်ရှိပြီး ထိုခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေဆုံရန် ရှိသည်ဟု ယနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦးက ပြောပါသည်။
“အဓိက ကတော့ ဧပြီလ (၂) ရက်နေ့မှာ၊ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးဖို့ အတွက်ပါ။ ညှိနှိုင်းစရာလေတွေ ရှိသေးလို့ လာတာပါ။ အဲဒီ ခရီးစဉ်မှာလဲ (KNU) အဖွဲ့က ရန်ကုန်ကို ရောက်ခိုက်ပေါ့လေ ဒေါ်အောင်ဆန်း စုကြည်နဲ့ လည်းတွေ့ချင်တယ် ဆိုလို့ တွေ့ခွင့်ပေးလိုက်တာပါ။” ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ဆိုပါသည်။
၎င်းဆွေးနွေးပွဲအတွက် (KNU) က အထွေထွေအတွင်းရေးမှုး နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် (၉) ဦးက သွားရောက်ဆွေးနွေးမည် ဖြစ်ပါသည်။ ထိုခရီးစဉ်ကို ဧပြီလ (၂) ရက်နေ့တွင် မဲဆောက်မြို့မှ စတင်ထွက်ခွာပြီ ဧပြီလ (၁၀) ရက်နေ့၌ ထိုင်းမြန်မာနယ်စပ်ကို ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။
ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီး ဦးခင်ရီ အပါဝင် အဖွဲ့ဝင် (၇) ဦးနှင့် ရောက်ရှိလာခဲ့ ပါသည်။ သူတို့သည် ဧပြီလ (၂) ရက်နေ့၌ ခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်း စရာများကို (KNU) နှင့် ဆွေးနွေးရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ရောက်ရှိလာခြင်း ဖြစ်သည့်အပြင် မကြားသေးခင်ကမှ ထောင်ဒဏ် တသက်တကျွန်းနှင့် ချပြီးမှ လွှတ်ပေးလိုက်သော (KNU) ခေါင်းဆောင်တဦး ဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကိုလည်း ဂတိအတိုင်း လာရောက်အပ်နှံရန် တပါတည်း ခေါ်ဆောင်လာခဲ့ ပါသည်။
MNM_05
နော်စီဖိုးရာစိန်နှင့် ဦးအောင်မင်း တွေ့ဆုံနှုတ်ဆက် (ဓါတ်ပုံ မြနှယ်စိမ်းစိမ်း (အင်းစိန်)
“ကျနော်တို့ ပေးတဲ့ဂတိအတိုင်း ပဒိုးမန်းငြိမ်းမောင်ကို လာရောက် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။” ဟု ဦးအောင်မင်းက မဲဆောက်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ခေါင်းဆောင်တဦး ဖြစ်သောကြောင် မတရားအသင်း ဆက်သွယ်မှုပုဒ်မ၊ နိုင်ငံတော်ပုံကန်မှုပုဒ်မ စသည့် စွဲချက်များဖြင့် အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးက ယခုလ (၁၃) ရက်နေ့တွင် တသက်တကျွန်းနှင့် ထောင်ဒဏ် (၃) ချမှတ်ခဲ့ပြီးနောက် (၁၉) ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
MNM_08
ဦးအောင်မင်းနှင့်အဖွဲ့ (ဓါတ်ပုံ မြနှယ်စိမ်းစိမ်း (အင်းစိန်))
ပဒိုမန်းငြိမ်းမောင်သည် အသက် (၇၀) ခန့်ရှိပြီး သူ၏ဘဝ တသက်တာတွင် (၁၉၆၉) ခုနှစ်တွင် တကြိမ်နှင့် (၂၀၁၂) ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် တကြိမ် နှစ်ကြိမ်တိုင တသက်တကျွန်း ပြစ်ဒဏ်ကို ချမှတ် ခံရသူလည်း ဖြစ်ပါသည်။

No comments:

Post a Comment