Monday, 31 December 2012 20:49  
  
  
  
       
      
      
    
      
      
      
 
 
 မြန်မာနိုင်ငံသို့ တင်ပို့မဲ့ MI 24 စစ်ရဟတ်ယာဉ်များကို ရုရှားနိုင်ငံလေဆိပ် တစ်ခုမှာ တွေ့ရစဉ်
မြန်မာနိုင်ငံသို့ တင်ပို့မဲ့ MI 24 စစ်ရဟတ်ယာဉ်များကို ရုရှားနိုင်ငံလေဆိပ် တစ်ခုမှာ တွေ့ရစဉ်
 
ကချင်ပြည်နယ် စစ်ဆင်ရေး သတင်းများကို ဆက်လက်တင်ပြရရင် ဒီဇင်ဘာ ၂၉ 
ရက်နေ့တုန်းက လိုင်ဇာဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ နေ့လည် ၁၂ နာရီနှင့် ၂ 
နာရီကြားတစ်ကြိမ်၊ ညနေ ၅ နာရီ ဝန်းကျင် တစ်ကြိမ်၊ တစ်ကြိမ်လာလျှင် 
အနည်းဆုံး လေယာဉ် (၂) စင်းနှုန်း လာရောက်ပြီး လဂျားယန် ဒေသဧရိယာ တစ်ဝိုက်ကို
 Rocket နှင့်လည်းကောင်း၊ စက်သေနတ်ဖြင့် လည်းကောင်း ပစ်ခတ်သွားပြီး 
လိုင်ဇာမြို့ဧရိယာနားအထိ ပျံသန်းသွားကြောင်း သိရပါတယ်။ လေယာဉ်ပျံများမှာ 
အမောင်းသင် လေယာဉ်များဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများထံမှ သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့တွင် လဂျားယန် ဒေသမှာ တပ်မတော်(လေ)မှ တသုတ်လျှင် 
လေယာဉ် (၂) စီးနှုန်းဖြင့် အသုတ်လိုက် နံနက်ပိုင်းမှ ညနေ (၅) နာရီထိ တနေကုန်
 စက်သေနတ်ဖြင့် လည်းကောင်း၊ Rocket ဖြင့် လည်းကောင်း တိုက်ခိုက်ပြီးမှ 
ဗုံးကြဲချခဲ့ကြကြောင်း  သိရှိရပါတယ်။ လေယာဉ် (၂) စင်းအနက် ပထမလေယာဉ်မှ 
စက်သေနတ်ပစ်ပြီးမှ၊ နောက်လေယာဉ်မှ ဗုံးကြဲချပါတယ်။ ဒုတိယ အသုတ်အနေနဲ့ 
လေယာဉ် (၂) စင်း ပြန်လာချိန်မှာတော့ ရှေ့ဆုံး ပထမလေယာဉ်မှ စက်သေနတ်နဲ့ 
မဟုတ်တော့ဘဲ၊ Rocket ဖြင့် ပစ်ပြီး နောက်ဆုံးလေယာဉ်ကတော့ ဗုံးကြဲချပါတယ်။ 
တကြိမ်ဗုံးကြဲချလျှင် လေယာဉ်ရဲ့ဘယ်ညာ နှစ်လုံးစီ ချိတ်ဆွဲပြီး စုစုပေါင်း 
လေးလုံး တစ်ပြိုင်တည်းဗုံးကြဲချပါတယ်လို့ KIA နှင့် နီးစပ်သူများက 
ဆိုပါတယ်။ ဒေါ့ဖုန်းယန် အမြောက်တပ်စခန်းမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ 
အမြောက်နှင့်လည်းကောင်း၊ ၁၂၀ မမ စိန်ပြောင်းကြီးဖြင့် လည်းကောင်း၊ 
လဂျားယန်ဘက်သို့ အပြင်းအထန် တနေကုန် ပစ်ခတ်လေ့ရှိပါတယ်။ အမြောက်တပ်မှ 
ဆက်တိုက်ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ၁၀၅ မမ ကျည်ဆံ အချို့ 
တရုတ်နိုင်ငံသို့ ကျရောက်ခဲ့ကြောင်း ဒုက္ခသည်စခန်း ထံမှ သိရှိရပါတယ်။  
လဂျားယန် စခန်းရှိ KIA နှင့် ABSDF ပူးပေါင်းတပ်များကတော့ လေယာဉ်များ 
ရောက်ရှိလာသည့် အချိန်တွင် ခြေကုတ်စခန်းမှ ခေတ္တဆုတ်ပေးပြီး 
လေယာဉ်ပြန်ဆင်းသွားသည့် အချိန်တွင် နေရာ ပြန်ယူကာ အစိုးရ စစ်တပ်ကို 
ရင်ဆိုင်ရန် အဆင်သင့်ရှိနေပါတယ်။
 လေယာဉ်ပစ်ရန် အဆင်သင့် ဖြစ်နေသော KIA စစ်သားများ
လေယာဉ်ပစ်ရန် အဆင်သင့် ဖြစ်နေသော KIA စစ်သားများ
ဒီဇင်ဘာ (၃၁) ရက်နေ့ တွင် လေယာဉ် တသုတ်သာ နေ့ခင်းပိုင်းလောက်တွင် 
တစ်ကြိမ်လာပြီး စက်သေနတ်၊ Rocket ဖြင့်ပစ်ကာ၊ ဗုံးကြဲချသွားကြောင်း 
သိရှိရပါသည်။ လဂျားယန်ရဲ့ တစ်ဖက်တစ်ချက်ရှိ ဘုံနေဘုံ ဒေသတွင်လည်း 
တပ်မတော်နှင့် KIA တပ်များ အပြင်းအထန် 
တိုက်ပွဲဖြစ်လျက်ရှိကြောင်းသိရှိရပါတယ်။ တပ်မတော်နှင့် KIA တိုက်ပွဲများ 
ဒီဇင်ဘာ (၃၀)၊ (၃၁) နှစ်ရက်ပေါင်း ရလဒ်အနေနဲ့ လိုင်ဇာဆေးရုံတွင် အနည်းဆုံး 
KIA စစ်သည် (၁၀) ထက်မနည်း ဒဏ်ရာရ ကုသလျှက်ရှိကြောင်း လိုင်ဇာမြို့ခံများ 
ထံမှ သိရပါတယ်။ တပ်မတော်နှင့် KIA နှစ်ဖက် 
စစ်မြေပြင်တွင်ထိခိုက်ကျဆုံးမှုကိုတော့ တိုက်ပွဲဖြစ်နေလို့ ခက်ခဲမှု 
ရှိနေပြီး စီစစ်စုံစမ်းဆဲ ဖြစ်ကြောင်း၊ ဒီဇင်ဘာ (၃၁)ရက် ညနေပိုင်းအထိ 
လဂျားယန်ဒေသသို့ KIA စစ်ကူများ ထပ်မံ ဖြည့်တင်းလျက်ရှိပြီး နယ်မြေကို 
စိုးမိုးထိန်းချုပ်ဖို့ ဘတပြန်၊ ကျားတပြန် ရှိနေကြကြောင်း သတင်းရရှိပါတယ်။
 မှတ်တိုင်(၆) ဒဘူဘွမ် ကချင်စစ်ပြေး ဒုက္ခသည် စခန်း
မှတ်တိုင်(၆) ဒဘူဘွမ် ကချင်စစ်ပြေး ဒုက္ခသည် စခန်း
ဤဝက်ဘ်ဆိုဒ်အနေနဲ့ ယခု ကျင့်သုံးနေတဲ့ တပ်မတော်နည်းဗျူဟာများကို 
စစ်ဖက်နီးစပ်သူများထံ စီစစ်မေးမြန်းကြည့်ရမှာ စစ်တပ်အနေနဲ့ လူကိုအနာမခံပဲ 
အမြောက်ပစ်အား၊ လေယာဉ်ပစ်အားတို့ဖြင့် စစ်ဆင်ရေး ဧရိယာအတွင်းတွင် ရန်သူအား 
အမှုန့်ဖြစ်အောင် ချေမှုန်းပြီး ရန်သူ ဆုတ်ခွာသွားတော့မှ ခြေလျင်တပ်များ 
နေရာယူ သိမ်းပိုက် နယ်မြေစိုးမိုးတဲ့ နည်းဗျူဟာကို 
အသုံးပြုကြောင်းသိရှိရပါတယ်။ စစ်သဘောအရကြည့်လျှင် စစ်မြေပြင်မှာ စစ်သည် 
(လူ) မရောက်သရွေ့ ထိုးစစ်ဆင် တိုက်ခိုက်တယ် ဆိုတဲ့ ပုံစံမျိုး 
မဖြစ်တာကြောင့် အဲ့ဒီလို အသွင်သဏ္ဍာန်မပေါ်အောင် ကျည်ပစ်အား၊ 
ဗုံးပစ်အားတို့ဖြင့် ရန်သူအား မောင်းထုတ်ပြီးမှ မိမိတပ်က မသိမသာ 
နေရာဝင်ယူတဲ့ ဗျူဟာမျိုးဖြစ်ပါတယ်။ လိုင်ဇာမြို့ကို ချည်းကပ်မဲ့ 
လမ်းကြောင်း (၃) ကြောင်းဖြင့် (စတန်ပါ-လိုင်ဇာ လမ်းကြောင်း၊ 
ဗန်းဗော်-လိုင်ဇာ လမ်းကြောင်း နှင့် မြစ်ကြီးနာ-လိုင်ဇာ လမ်းကြောင်း) KIA 
တပ်များမလှုပ်သာအောင် နယ်မြေထိန်းချုပ်နိုင်ရန် စီစဉ်လျာထားပြီး ပြည်မမှ 
ယခုဆိုရင် တပ်မ အနည်းဆုံး နှစ်ခုစာ ခေါ်ယူထားပြီးဖြစ်ရာ (တပ်မ (၈၈)၊ စီစစ်ဆဲ
 တပ်မ (၁၀၁)၊ စကခ (၃) ကချင်ပြည်နယ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း 
သတင်းရရှိပါတယ်။
 
No comments:
Post a Comment