
ရန်ကုန်တွင် ၆၄ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ ကျင်းပနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ရှမ်းပြည်နယ်နေ့ကို ရှမ်းတိုင်းရင်းသားများက အလေးအမြတ်ထား ကြသော်လည်း ရှမ်းပြည်နယ်နေ့ဟု သုံးခွင့် မရသည့်အတွက် စိတ်မကောင်းကြောင်း၊ ရှမ်းတိုင်းရင်းသားများသည် မြန်မာနိုင်ငံအနှံ့အပြား၌ နေထိုင်သော တိုင်းရင်းသားကြီးမျိုး ဖြစ်သည့်အတွက် ရှမ်းတိုင်းရင်းသားနေ့ သို့မဟုတ် ရှမ်းပြည်နယ်နေ့ဟု သတ်မှတ်ကာ ကျင်းပခွင့် ပေးသင့်ကြောင်း၊ ရန်ကုန်တိုင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်တဦးက ပြောသည်။
ရှမ်းပြည်နယ်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ နေရာဒေသ အသီးသီး၌ နေထိုင်ကြသော ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု စသည့် တိုင်းရင်းသားတို့ လာရောက်တွေ့ဆုံကြပြီး ပဒေသာကပွဲတွင် ၀င်ရောက်ကပြခြင်း၊ ဒေသထွက်ကုန်နှင့် အစားအသောက်များ ရောင်းချခြင်းတို့ ပြုလုပ်ကြသည်။
ရှမ်းတိုင်းရင်းသားများ၏ ရှမ်းရိုးရာ အစားအစာများ၊ ရိုးရာအ၀တ်အထည်များနှင့် ရှမ်းစာပေနှင့် ရေးသားထားသည့် စာအုပ်များကိုလည်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရောင်းချပေးလျက်ရှိသည်။
“ရှမ်းဘာသာစကားနဲ့ ယဉ်ကျေးမှု မပျောက်အောင် ပဒေသာ ကပွဲ လုပ်ခွင့်ပြုတာကိုပဲ ကျေးဇူးတင်ရမယ်” ဟု ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဆိုသည်။
အဆိုပါ ရှမ်းပြည်နယ်နေ့ပွဲသို့ လားရှိုးအသင်း၊ သီပေါအသင်း၊ ကျောက်မဲအသင်း၊ တောင်ကြီးအသင်း စသည်ဖြင့် ပြည်နယ်ဆိုင်ရာ အသင်းအဖွဲ့ များကလည်း အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသည်။
ရန်ကုန်တိုင်းအတွင်း ရှမ်းတိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသား အနွယ်ဝင် စုစုပေါင်း ၂ သိန်းဝန်းကျင် နေထိုင်ကြကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
Irrawaddy News
 
 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
 
 
No comments:
Post a Comment