Wednesday 17 November 2010

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်ဖြစ်

နအဖ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU ) တို့မှ တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် တပတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အစိုးရဘက်မှ တပ်သား ၄၀ ခန့် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် အနီးတ၀ိုက်တွင် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့၌ DKBA ၊ KNU တပ်မဟာ (၆) မှ တပ်ဖွဲ့ဝင်များနှင့် နအဖ၏ ခြေမြန်တပ်ရင်း (ခမရ) ၂၇၀ နှင့် ၂၈၄ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရသူ ၄၀ ခန့်ရှိသော်လည်း အကျအဆုံးကိုမူ မသိရသေးကြောင်း စစ်အစိုးရနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“မနေ့က ဘုရားသုံးဆူကို ဒဏ်ရာရပြီး သယ်လာတဲ့ သူတို့ စစ်သားတွေထဲက တော်တော်များများက ဘုရားသုံးဆူကနေ ကီလိုမီတာ ၂၀ ဝေးတဲ့ ကျောက်ကွေး (ကျောက်ကွဲ) ရွာ တိုက်ပွဲမှာ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တာပါ” ဟု ပြောသည်။

ယခုအခါ ဒဏ်ရာရရှိခဲ့သည့် စစ်သားများကို ဘုရားသုံးဆူမြို့ရှိ အစိုးရတပ်တွင်း၌ ဆေးဝါးကုသပေးနေကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် DKBA တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူမြို့ကို ခေတ္တ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်အစိုးရက အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း ၇ ရင်းကို ယင်းဒေသတွင် တိုးချဲ့ချထားကြောင်း သိရသည်။

စစ်အစိုးရနှင့် DKBA တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဘုရားသုံးဆူမြို့ဒေသခံများသည် ယခုအခါ မြို့ထဲတွင် ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီဟု သတင်းရရှိသည်။

ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသတွင် နိုဝင်ဘာ ၁၄ ရက်နေ့က စစ်အစိုးရတပ်များနှင့် DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၄၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း၊ ယမန်နေ့ ညနေက လူဦးရေ ၂၀၀ ခန့် ထပ်မံရောက်ရှိလာကြောင်း ကရင်ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

“မပြန်ရဲကြသေးဘူး။ အဲဒီ နေရာမှာပဲ ရှိနေသေးတယ်။ ထိုင်း အာဏာပိုင်တွေကလည်း နေရပ်ပြန်ဖို့ ဖိအားပေးတာတွေ မကြားရသေးဘူး” ဟု ၎င်းက ဆိုသည်။

ထိုဒေသတွင် DKBA တပ်မဟာ ၅ နှင့် တိုက်ပွဲဖြစ်သော နအဖတပ်မှာ စကခ ၈ လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင်အများစုက ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေကြောင်း သိရသည်။

http://www.irrawaddy.org/bur/index.php/news/4894-2010-11-16-10-39-53

No comments:

Post a Comment