Thursday 10 March 2011

ရခိုင် လက်နက်ကိုင်အဖွဲ့နှင့် နအဖတပ် တိုက်ပွဲဖြစ်


http://www.bur.irrawaddy.org

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ အစိုးရတပ်များ အိန္ဒယ-မြန်မာနယ်စပ်၌ ယမန် နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြရာ နအဖတပ်မှ အရာရှိတဦးနှင့် တပ်သားတချို့ ကျဆုံးကြောင်း သိရသည်။

ALA-Group
ALA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ခွန်းတိုင်းသက်သိ)
ကျဆုံးသူများမှာ ဗိုလ်ကြီးအဆင့်တဦးနှင့် ရဲဘော်၂ ဦးဟု သိရကြောင်း၊ ဒဏ်ရာရသူလည်း ၂ ဦးရှိကြောင်း၊ အမည်နှင့်  အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း ALA ၏ ပလက်ဝမြို့နယ်ရောက် ရှေ့တန်းစစ်ကြောင်းမှ ဗိုလ်ကြီး စိုးနိုင်က ဧရာဝတီကို ပြောသည်။

တိုက်ပွဲသည် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော ရခိုင်နှင့်ချင်းပြည်နယ်စပ်ရှိ ပလက်ဝမြို့နယ်၏ တရန်အိုင်ကျေးရွာအနီး၌

ဖြစ်ပွားနေကြောင်း၊ ALA ဘက်မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေကြောင်း၊ နအဖ ဘက်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ခံ တပ်ရင်းများဖြစ်သော ခြေလျင်(ခလရ) တပ်ရင်း ၅၅၊ ခလရ ၂၃၂ နှင့် ခြေမြန်(ခမရ)တပ်ရင်း ၅၃၈ အပါအ၀င် တပ်ရင်း ၆ ရင်းတို့ဖြင့် ထိုးစစ်ဆင်နေပြီး ယနေ့ နံနက်ပိုင်းတွင် ခလရ ၂၆၃ ထပ်မံ စစ်ကူရောက်လာ၍ ALA ရှိရာ နေရာများကို လိုက်လံ တိုက်ခိုက်နေကြောင်း ဗိုလ်ကြီး စိုးနိုင်က ဆိုသည်။

“တိုက်ပွဲက မနေ့က တရက်တည်းမှာ သုံးကြိမ်ရှိနေပြီ၊ ဒီနေ့လည်း ဆက်တိုက်နေဆဲပါ၊ နအဖ ဘက်က ကျဆုံးတာကို အတိ အကျ ပြောနိုင်တာက အနီးကပ် စောင့်ကြည့်နေတဲ့ ကျနော်တို့ လူတွေဆီက သတင်းရတာဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြော ဆိုသည်။

နအဖဘက်မှ တပ်သား ဦးရေ ထောင်ချီ၍ ထိုးစစ်ဆင်နေပြီး ALA ဘက်မှ ပြောက်ကျား စနစ်ဖြင့် ပြန်လည်ခုခံနေရရာ ယခု အချိန်အထိ ထိခိုက်ဒဏ်ရာရသူ မရှိသေးဟု ဗိုလ်ကြီးစိုးနိုင်က ဆက်လက် ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပလက်ဝ မြို့နယ်အတွင်းမှ မြရိတ်ဝကျေးရွာ၊ စတင်ဝ၊ ပကာဝ၊ ပုန်ညင်းဝ၊ အုန်းသီဝ၊ ပေါက်တူဝ၊ ဖွေလိပ်ဝ စသည့် ကျေးရွာများမှ ဒေသခံများကို ပေါ်တာ အဖြစ် အဓမ္မ ခေါ်ယူပို့ဆောင်နေသည့်အပြင် နအဖ တပ်များအတွက် ၄ ရက်စာ ရိက္ခာများကိုပါ သယ်ပေးရကြောင်း သိရသည်။

ယခုတိုက်ပွဲသည် ALA နှင့် နအဖ တပ်တို့အကြား ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ ရက်နေ့က ပထမအကြိမ် ဖြစ်ပွားခဲ့သည်။

ပထမအကြိမ် တိုက်ပွဲ တိုက်ခိုက်ရခြင်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့သည် စစ်အစိုးရအတွက် သာဖြစ်ပြီး တခြားသော တိုင်းရင်းသားများ၊ ပြည်သူများအတွက် လွတ်လပ်ရေးမရသေး၍ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ALA ၏ ဗဟိုအဖွဲ့ဝင် ကိုခိုင်သုခ က ပြောသည်။

ရခိုင်တိုင်းရင်းသားများအပြင် တခြားသောတိုင်းရင်းသား အားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ကိုယ်ပိုင်လွတ် လပ်ခွင့် နှင့် တန်းတူ အခွင့်အရေးရရှိရေး တို့ကို ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ALA နှင့် နအဖ တပ်တို့သည် ပလက်ဝ မြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နအဖ တပ်များကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ နယ်စပ် တလျှောက်၌ ဖြန့်ချထားကြောင်း၊ နယ်စပ်တွင်လှုပ်ရှားနေကြသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အပြီးပြတ်ချေမှုန်းရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဗိုလ်ကြီး စိုးနိုင်က ပြောသည်။

ALA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၌ အခြေပြုကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် တခုတည်းသော ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။
ALA ကို ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အခြေစိုက်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် အိန္ဒယ နယ်စပ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်လည်း ၂၀၁၀ နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များမှစ၍ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များအတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် စစ်အစိုးရ တပ်များသည် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့အတူ တိုင်းရင်းသား ဒေသများဖြစ်သော ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်များ၌လည်း နအဖ စစ်အစိုးရ တပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား စစ်ရေး တင်းမာမှုများ ရှိနေသည်။

စစ်အစိုးရ က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အပြီးသတ်ချေမှုန်းရေးအတွက် စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ် တောက်ခြင်း၊ ဘဏ္ဍာငွေအရင်းအမြစ် များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း ဆိုသည့် ဖြတ်လေးဖြတ်အစီအစဉ်ဖြင့် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများအရ သိရသည်။

No comments:

Post a Comment