| သန်းရွှေအကြောင်း ဖော်ကောင်လုပ်သူ ဘင်နဒစ်ရောဂျား မြန်မာပြည်က နှင်ထုတ်ခံရ စစ်အစိုးရက သတင်းသမားများကို မလိုတမျိုး၊ လိုတမျိုး အသုံးချသည်ဟု ဝေဖန်သံများရှိ မိုးမခအထောက်တော် ရန်ကုန်  မတ် ၂၄၊ ၂၀၁၁ ယနေ့   မနက် ရရှိသော သတင်းအရ မြန်မာပြည်၏ အာဏာရှင်သန်းရွှေကို ဖော်ထုတ်ခြင်း  (Than  Shwe, Unmasking Burma’s Tyrant) စာအုပ် ရေးသားသူ၊ သတင်းစာဆရာ၊   လူ့အခွင့်အရေး လှုပ်ရှားသူ အနောက်နိုင်ငံသားတဦးကို   ရန်ကုန်လုံခြုံရေးတပ်ဖွဲ့များက ထိန်းသိမ်းပြီး တိုင်းပြည်မှ ချက်ခြင်း   နှင်ထုတ်လိုက်ကြောင်း သိရှိရသည်။ 
             ယမန်နေ့ ညနေက ၎င်းတည်းခိုရာ ဟိုတယ် (ဆမ်းမစ်ပါ့ခ်ဗျူး) သို့   လုံခြုံရေးတပ်ဖွဲ့များက လာရောက် ခေါ်ဆောင်သွားပြီး ယနေ့ နံနက် သို့မဟုတ်   နေ့ခင်းတွင် လေကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ နှင်ထုတ်လိုက်သည်ဟု   ကြားကြောင်း စစ်အာဏာပိုင်တို့၏ ၀န်ထမ်းတဦးက ပြောကြားသည်။             ဘင်နဒစ်ရောဂျားသည် မြန်မာ့လူ့အခွင့်အရေးနှင့် သတင်းစာနယ်ဇင်းအရေးများတွင်   တက်ကြွသူ တဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်က မြန်မာအာဏာရှင် သန်းရွှေအကြောင်း   စာအုပ်ထုတ်ဝေရေးသားခဲ့သည်။ ၎င်းရောက်ရှိနေသည်မှာ ၅ ရက်ခန့် ရှိပြီး   သာမန်ဧည့်ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ စစ်အုပ်စုက ယခုနောက်ပိုင်းမှ   ရိပ်မိသိရှိပြီး တိုင်းပြည်မှ နှင်ထုတ်လိုက်ခြင်း ဖြစ်ပုံရသည်ဟု   မျက်မြင်တဦးက သုံးသပ်သည်။             “စစ်အစိုးရက နိုင်ငံခြားသတင်းထောက်တွေကို မျက်စိဒေါက်ထောက် ကြည့်နေတာပါ။   တလောက ထိုင်းသတင်းထောက်တဦးကို လေဆိပ်ကနေ ပြန်ပို့ခဲ့တယ်။ ၂၀၁၁   ရွေးကောက်ပွဲကာလတုန်းကလည်း နယ်သာလန်က သတင်းထောက်တဦးက ရှမ်းပြည်ဖက်မှာ   အင်တာဗျူးသတင်းသွားယူတာကို တားမြစ်ပြီးတော့ ရန်ကုန်ကနေ ပြည်ပကို   နှင်ထုတ်ခဲ့တယ်။”           ဟု သတင်းထောက်တဦးက မိုးမခကို ပြောကြားသည်။             စစ်အစိုးရသည် နိုင်ငံခြားသတင်းထောက်များကို တရားဝင်မီဒီယာဗီဇာဖြင့်   ပြည်ဝင်ခွင့် မပေးသော်လည်း သာမန်ဧည့်သည်ဗီဇာဖြင့် ၀င်ရောက်ခြင်းကို   မသိချင်ယောင်ဆောင်ပြီး ခွင့်ပြုထားသည်။ ထို့အတွက်ကြောင့် ၂၀၁၀   နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့် နေ့ရက်များက   နိုင်ငံခြားသတင်းထောက် အများအပြား ဧည့်ဗီဇာဖြင့် ၀င်ရောက်လာခြင်းကို   မသိချင်ယောင်ဆောင် လွှတ်ထားပေးပြီး သတင်းယူခြင်း၊ အင်တာဗျူးခြင်းများကို   အနှောက်အယှက်ပေးခြင်း မရှိခဲ့ပေ။ ၂၀၀၈ နာဂစ်ကာလကလည်း   နိုင်ငံခြားသတင်းထောက်များတွင်းမှ စီအန်အန်သတင်းထောက်တဦး   မုန်တိုင်းသင့်နယ်မြေများအထိ သတင်းသွားယူခဲ့ခြင်းကို နောက်ပိုင်းမှသာ   အတင်းအကြပ် လိုက်လံ ပိတ်ဆို့ ထိန်းသိမ်း တားမြစ်ရန် ကြိုးစားခဲ့ဖူးသည်။
“စစ်အစိုးရက မီဒီယာတွေကို အသုံးချနိုင်သလောက် အသုံးချနေတယ် ထင်တာပဲ။   သူတို့လိုအပ်တဲ့အခါ မီဒီယာတွေကို လွှတ်ပေးထားပြီး၊ မလိုတော့ဘူး ဆိုရင်   အတင်းပိတ်ဆို့ ဖမ်းဆီးတာတွေ လုပ်တတ်တယ်။ မြန်မာမီဒီယာသမားတွေ   ကိုယ်တိုင်ကလည်း စစ်အစိုးရ စိတ်တိုင်းကျ သတင်းလေးတွေ၊ စာလေးတွေ ရေးလိုက်၊   ထည့်ပေးလိုက်၊ ကိုယ်လုပ်ချင်တာလေး တဖက်လှည့်နဲ့ ပြောလိုက် လုပ်နေရတာ အသားကျ   နေပြီဆိုတော့ အခုဆို ပြည်ပက နိုင်ငံခြားသတင်းသမားတွေလည်း စစ်အစိုးရကို   အကဲခတ်ပြီး လုပ်ကိုင်နေတဲ့သဘော ဖြစ်လာပြီ။ ကျနော်တို့ စာပေစိစစ်ရေးနဲ့   အလုပ်လုပ်တဲ့အခါ သုံးတဲ့ စာလုံးရှိတယ်ဗျာ။ သူတို့အကြိုက် စာတွေ   ဆောင်းပါးတွေ ထည့်ပေးရတဲ့အခါ ကျနော်တို့က ပြောလေ့ရှိတယ်။ “ပေး စားလိုက်တယ်”   ဆိုတာလေ။ ကျားထိုးတဲ့လူတွေ သုံးတဲ့ဆီက လာတာနဲ့ တူတယ်။”|  |  | Benedict Rogers |            ဟု သတင်းအယ်ဒီတာတဦး က ပြောသည်။             လစ်ဗျားတွင် အနောက်အုပ်စု တပ်များက အာဏာရှင်ကဒါဖီကို လေကြောင်းမှ   စစ်ဆင်နေရာတွင် မြို့တော် ထရီပိုလီတွင် အနောက်အုပ်စု သတင်းသမားများလည်း   ရောက်ရှိနေကြသည်။ ကဒါဖီစစ်အုပ်စုက သတင်းသမားများကို ၎င်းတို့ပိုင်နက်တွင်းရှိ   အပျက်အစီးများသို့ လိုက်လံ ခေါ်ယူ ပြသလေ့ ရှိရာ စစ်အုပ်စု၏   ၀ါဒဖြန့်ချိရေးအတွက် အနောက်အုပ်စုသတင်းသမားတို့က သတင်းလိုက်ပေးနေသည်နှင့်   တူသည်ဟု ဝေဖန်ကြသည်။ တချို့ကလည်း ကဒါဖီက အနောက်အုပ်စု၏ တိုက်ခိုက်မှုကို   ကာဆီးနိုင်ရန်အတွက် အပြစ်မဲ့လူသားဒိုင်းများအဖြစ် အရပ်သားများကိုသာမက   အနောက်အုပ်စု သတင်းစာသမားများကို အသုံးချနေသည်ဟု အပြစ်တင်ကြသည်ကို   တွေ့နေရသည်။ ထရီပိုလီရှိ အနောက်အုပ်စုသတင်းသမားများအချို့ကမူ စစ်အုပ်စု၏   စောင့်ကြည့်မှုအောက်မှပင် လက်ရှိ ဖုံးကွယ်ထားသော အမှန်တရားကို   ဖော်ထုတ်နိုင်ရန် ၎င်းတို့ စွန့်စားနေခြင်း ဖြစ်ကြောင်း ဆင်ခြေပေးလျက် ရှိသည်။ | 
No comments:
Post a Comment