ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။
ဒုက္ခသည် စခန်းကို သွားရောက်မယ့် အစီအစဉ်ဟာ ထိုင်းအစိုးရဘက်က စီစဉ်တာ
ဖြစ်တဲ့အတွက် ဒီသတင်းကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိဘူးလို့ NLD ပါတီ
ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးတဲ့ နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းအရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့က ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်ဖို့ အစောပိုင်းမှာ စီစဉ်ထားခဲ့ပေမဲ့ မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံဖို့ ရှိတာကြောင့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်နိုင်မှာ မဟုတ်ဘဲ တခြားတရက်ရက်မှာ တက်ရောက်ဖို့ စီစဉ်နေကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

No comments:
Post a Comment