ရခိုင်ပြည်နယ်အနောက်ဘက်၊ မောင်တောမြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ရဲ့ အကြမ်းဘက် ဆူပူမှုကြောင့် လူနေအိမ်တချို့ ပျက်စီးမီးလောင်သွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့ သတင်းရပါတယ်။ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး အရာရှိကြီးကတော့ အခုအခြေအနေကို ထိန်းသိမ်းနိုင်ပြီလို့ ဆိုပါတယ်။ မောင်တောကအခြေအနေ နောက်ဆုံးသိထားသမျှကိုတော့ စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဒီကနေ့ ဇွန်လ ၈ရက်သောကြာနေ့၊ နေလည်က ရခိုင်ပြည်နယ်၊ မောင်းတောမှာဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုအခြေအနေတွေကို ညနေပိုင်း လောက်မှာ သက်ဆိုင်ရာ ဒေသအာဏာပိုက်ဘက်က  ထိန်းထားလိုက်နိုင်ပြီလို့ ရခိုင်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးရုံးက ဦးဇော်သိန်းက ပြောပါတယ်။
“ထိန်းနိုင်ပါတယ်။ တပ်တွေလည်းရှိတယ်ဆိုတော့- အိမ်ကတော့ ၁၅ လုံးလောက်တော့ ဗိုလ်မှူးရွာကတော့ လောင်သွားတာပေါ့။ ”

ရခိုင်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးရုံးက ဦးဇော်သိန်းက မောင်တောဘက်က အခြေအနေတချို့ကို ပြောပြခဲ့တာပါ။ ဒီထက်မက ရွာတချို့ မီးရှို့ခံရ တယ်၊ အသေအပျောက်စာရင်းကို မသိရသေးဘူးဆိုပေမဲ့ ဒဏ်ရာရမှုတွေရှိခဲ့တယ်ဆိုတာတွေတော့ ညနေအစောပိုင်းက  သတင်းတွေ ရတယ်လို့လည်း စစ်တွေမြို့၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက  ဦးအောင်မြတ်ကျော်ကလည်း ပြောပါတယ်။
“မောင်တောဘက်မှာတော့ အရမ်းကို ဆိုးနေတယ်။ ဆိုးနေတယ်ဆိုတာ ရခိုင်ရွာတွေကို အကုန်လုံးလိုက်ပြီး မီးရှို့နေတယ်လို့ ကြားရတယ်။ မီးရှို့နေတာ ရွာသုံးရွာလောက်ကို မီးရှို့လို့ အိမ်ခြေတော်တော်များများ ပါသွားတယ်လို့ ပြောတယ်။ ဒဏ်ရာရလို့ ရောက်နေတယ်လို့ အဲလို ပြောသံကြားပါတယ်။ လူအသေအပျောက်ကတော့ မသိရသေးပါဘူး။”
ဒီကနေ့ မောင်တော်မှာ ဖြစ်ခဲ့တဲ့ ဒီပြဿနာတွေကတော့ ရမ်းဗြဲမြို့နယ်  ကျောက်နီမော်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေကို အခြေခံပြီး  သောကြာနေ့မို့ ဘုရားဝတ်ပြုပြီး ဗလီကနေ  ပြန်ထွက်လာတဲ့ မောင်တောမြို့ခံ မူဆလင်တချို့ရဲ့ အကြမ်းဖက်မှုတွေကနေ စတင်ခဲ့တာဖြစ်တယ်လို့လည်း ဦးအောင်မြတ်ကျော်က  ရှင်းပြပါတယ်။   ဒီပြသနာဟာမောင်တောမြို့ကနေ အနီးဝန်းကျင်ရွာတွေအထိ ဆက်သလို မီးလောင်မှုအပါအ၀င် တခြားအကြမ်းဘက်မှုရှိတာကိုတော့  အာဏာပိုင်က ၀င်ပြီးထိန်းတယ်ဆိုတာလည်း သူတို့ သိရတယ်လို့ ပြောပါတယ်။
“အခုဖြစ်တာကလည်း ဒီနေ့က သောကြာနေ့ဆိုတော့ သူတို့မှာ ဗလီတက် ဘုရားဝတ်ပြုလို့ ပြီးတဲ့အချိန် အဲဒီအချိန်မှာ စဖြစ်တာ။ ဘုရားဝတ် ပြုပြီး အုပ်စုလိုက်ထွက်လာပြီး ဒီဘက်မှာရှိတဲ့ ရခိုင်ဈေးဆိုင်တွေကို ပထမ ခဲနဲ့ထုတယ်။ ခဲနဲ့ထုပြီးရင် ဈေးဆိုင်တွေ ပျက်စီးသွားတဲ့အချိန်မှာ  လုံခြုံရေးရဲတွေ ရောက်လာတယ်။ လုံခြုံရေးရဲတွေက လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်လိုက်တော့ အဲဒီနေရာမှာ ငြိမ်သွားတယ်။ ပြီးရင် သူတို့က အဲဒီဘုရားကျောင်း ဗလီကြီးအတွင်းကို ဝင်ပြေးသွားတယ်လို့ ပြောတယ်။ သူတို့က အတွင်းကနေပြီး အတွင်းမှာ ဘုရားဝတ်ပြုတဲ့ လူက သုံးလေးငါးရာလောက် ရှိတယ်လို့ ပြောတယ်။ အဲဒီကနေ သူတို့က ထွက်လာပြီး ရဲတွေကို နှောင့်ယှက်တော့ သေနတ်နည်းနည်း အပေါ်ထောင်ပစ်တယ်လို့ ပြောတာ ကြားရပါတယ်။”
ဒါပေမယ့် အခုညနေ ပိုင်းမှာတော့ တယ်လီဖုန်းဆက်သွယ်လို့ မရတော့ဘူးလို့လည်း ပြောပါတယ်၊
“ညနေ သုံးနာရီခွဲလောက်အထိ အဆက်အသွယ်ရလိုက်တယ်။ သုံးနာရီခွဲနောက်ပိုင်း အဆက်အသွယ် လုံးဝမရတော့ဘူး။”
ဒါကတော့  မောင်တောဘက်က အခြေအနေတွေကို စစ်တွေမြို့၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက  ဦးအောင်မြတ်ကျော်က ပြောပြခဲ့တာပါရှင်။ VOA မြန်မာပိုင်းကလည်း မောင်တောမြို့ခံတွေဘက်ကိုရော ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေဆီကိုပါ ဆက်သွယ်ပေမယ့် တယ်လီဖုန်းဆက်သွယ်လို့ မရတဲ့အခက်အခဲဖြစ်နေပါတယ်။
ဒါပေမယ့် အခုမောင်တောမှာဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ရဲဝန်ထမ်းဟောင်း တစ်ဦး သေဆုံးပြီး၊ ဆရာဝန် တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်၊ လုံထိန်းတပ်ဖွဲ့ဝင်တွေကတော့ မောင်တောမြို့ကို ထိန်းသိမ်းထားပြီး မီးရှို့ခံခဲ့ရတဲ့ ဗိုလ်မှူးရွာကိုလည်း လုံထိန်း တပ်ဖွဲ့ဝင်တွေ ၀င်ရောက်ထိန်းသိမ်းနေတယ်လို့ ပြည်တွင်းထုတ် Eleven Jourmal နဲ့  the voice weekly journal တွေရဲ့ Facebook စာမျက်နှာတွေမှာ နောက်ဆုံးရသတင်းတွေအဖြစ် ရေးသားထားတာကို တွေ့ရပါတယ်ရှင်။