Sunday 24 June 2012

နယ်သာလန်တွင်အခြေချခွင့်ရသည့် ကရင်နှင့် ရခိုင်တော်လှန်ရေး သမားများအတွက် KNU ၀မ်းမြောက်

ဇွန်လ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ အကျဉ်းထောင်များထဲတွင် ၁၃ နှစ်ကြာ အကျဉ်းခံခဲ့ပြီး ပြန်လည်လွတ်မြောက်လာသည့် ကရင်နှင့် ရခိုင်တော်လှန်ရေးသမားများမှ ၃၁ဦးသည် နယ်သာလန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် အခြေချရန် ထွက်ခွာသွား နိုင်ခဲ့သည့်အပေါ် ၀မ်းမြောက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြားလိုက်သည်။
KNU ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါ်က “အိန္ဒိယမှာ အကျဉ်းသားဘ၀နဲ့ နေတာလည်း ကြာပြီလေ။ အခုလို နယ်သာလန်နိုင်ငံကို သူတို့တွေ ထွက်ခွါတဲ့သတင်းကို ကြားရတာ ကျနော်တို့ ၀မ်းသာပါတယ်။ သူတို့တွေ ဟိုမှာ ရောက်(နယ်သာလန်နိုင်ငံ)လို့ ကျနော်တို့ ဆီကို ပြန်လာနိုင်ရင် ကောင်းတယ်။ ပြန်လာစေချင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အကူအညီဖြင့် ယခုဇွန်လ ၁၉ရက်နေ့၌ ထိုကရင်နှင့် ရခိုင်တော်လှန်ရေးသမားများသည် အန္ဒိယနိုင်ငံမှ ထွက်ခွါခဲ့ခြင်းဖြစ်ပြီး နယ်သာလန်အစိုးရက လူသားချင်းစာနာသည့်အနေဖြင့် ယင်းတို့ကို လက်ခံခဲ့ခြင်းဖြစ်သည်။

အမှန်တကယ် ၎င်းတို့အဖွဲ့တွင် ၃၃ဦးရှိပြီး ကရင်အမျိုးသားဖြစ်သူ စောတိုးတိုးနှင့် ရခိုင်အမျိုးသားဖြစ်သူ ခိုင်စံသိန်းတို့ နှစ်ဦးမှာ အင်တာဗျူး မအောင်ဘဲ အပယ်ခံရသည့်အတွက် အိန္ဒိယနိုင်ငံတွင် ဆက်လက် နေထိုင်နေရကြောင်း သိရသည်။

တဆက်တည်း၌ပင် ၂၀၁၁ ခုနှစ်၊ မေလတုန်းက အိန္ဒိယအကျဉ်းထောင်မှ ၎င်းတို့ ပြန်လွတ်လာစဉ်တွင် ၃၄ဦး ဖြစ်ပြီး ယခုနှစ်၊ ဖေဖော်ဝါရီလတွင် ရခိုင်အမျိုးသား ကိုမင်းသာထွန်းဆိုသူ နှလုံးရောဂါဖြင့် ကွယ်လွန်သွားကာ ၃၃ဦးသာ ကျန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ နယ်သာလန်နိုင်ငံသို့ သွားရောက်အခြေချခွင့်ရသည့် ကရင်နှင့် ရခိုင်တော်လှန်ရေးသမားတို့သည် KNU နှင့် အင်တာနက်မှတဆင့် အဆက်အသွယ် ရှိထားသည့်အတွက် အမျိုးသားရေးကို မေ့မည်မဟုတ်ကြောင်းနှင့် ပြန်လာလိုပါက ၎င်းတို့နည်းဟန်ဖြင့် ပြန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ပဒိုစောဒေးဗစ်သာ့ကပေါက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဇွန်လ၌ အိန္ဒိယထောင်မှ ပြန်လွတ်မြောက်ခဲ့စဉ်က ၎င်းတို့အား အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တွင် KNU က သွားရောက်ဂုဏ်ပြုခဲ့သေးသည်။ ယခု နယ်သာလန်နိုင်ငံသို့ အခြေချခွင့်ရရှိသွားသူတို့မှာ ကရင်အမျိုးသား ၉ဦးနှင့် ရခိုင်အမျိုးသား ၂၂ဦးဖြစ်သည်။
လွန်ခဲ့သည့် ၁၉၉၈ခုနှစ်က မြန်မာစစ်အစိုးရလက်ထက်၌ KNUနှင့် ရခိုင်ရခိုင်အမျိုးသားညီညွှတ်ရေး ပါတီ-NUPA တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ လန်းဖောလ်ကျွန်း(Landfall Island)ပေါ်တွင် ရေတပ်စခန်းတည်ဆောက်ရန် အိန္ဒိယအစိုးရ စစ်တပ်နှင့် သဘောတူညီမှု ရရှိခဲ့သည်။
ထိုသဘောတူညီချက်ဖြင့် ၎င်းတို့သည် အိန္ဒိယရေပိုင်နက် လန်းဖောလ်ကျွန်းသို့ သွားရောက်စဉ် ၁၉၉၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို (စီဘီအိုင်)က လက်နက်နှင့် ခဲယမ်းမီး ကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုတို့ဖြင့် တရားစွဲဆိုဖမ်းဆီးကာ အဖွဲ့ခေါင်းဆောင် ဗိုလ်စောထွန်း၊ ပဒိုစောမူးလွယ်၊ ဗိုလ်စောမြင့်၊ ဗိုလ်ရာဇာ၊ ဗိုလ်ရန်နိုင်နှင့် ဗိုလ်လင်းဇံခိုင်တို့ကိုလည်း ပစ်သတ်ခဲ့သည်။
ကျန် ၃၄ဦးအား အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ ပို့ဘလဲယားအကျဉ်းထောင်တွင် စစ်ဆေးမှုမရှိဘဲ ၈နှစ် ကြာ ထိန်းသိမ်းခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် ၂၀၀၆ခုနှစ်တွင် ကလကတ္တား အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံသားများ ဖွဲ့စည်းတည်ထောင်ထားသော သွေးစည်း ညီညွှတ်ရေးကော်မတီ (solidarity Committee for Burma’s Freedom Fighters)၏ ကြိုးပမ်းမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment