ဒီနေ့မနက် အမေ
ရောက်လာမယ့် မဲဆောက်လေဆိပ် ရှိရာကို ကျနော် အစောဆုံး ရောက်ရှိခဲ့ပါတယ်။
လေယာဉ်ကွင်းထိပ်မှာ ပုလိပ်တွေက စပြီး စစ်ဆေးပါတယ်။ အမေ့ကို မတွေ့ရ၊
ဓါတ်ပုံတွေ မရိုက်ရရင် ခွင့်မပြုကြောင်း လက်မှတ်ထိုးပေးဖို့ သူတို့ကို
တောင်းဆိုခဲ့ပါတယ်။ ဒီနောက် ရောက်ရှိလာတဲ့ အလုပ်သမားတွေကို သေသေချာချာ
နေရာချထာရင်း ဓါတ်ပုံတွေ တဝကြီး ရိုက်ပါတော့တယ်။ အလုပ်သမားတွေကိုလဲ
နေရာချထားလိုက်၊ ဓါတ်ပုံတွေလဲ ရိုက်လိုက်နဲ့ အမေလာမဲ့ခရီးကို ရင်ခုန်စွာနဲ့
စောင့်နေခဲ့ပါတယ်။
ဒီအချိန်မှာပဲ မဲဆောက်မြို့ရဲ့အသံလွှင့်ဌာနတခုဖြစ်တဲ့ မက် (စ်) ရေဒီယိုကနေ
ကိုအရှည်ကြီး တိုက်ရိုက်အသံလွှင့် အစီအစဉ် လုပ်ပေးပါဆိုတော့
အကူအညီပေးခဲ့ပါတယ်။ အလုပ်သမားတွေရဲ့ ရင်ထဲကအသံတွေကို ညှစ်ထုတ်ရင်း
ကိုယ်တိုင်လဲ ရင်ခုန်ခဲ့ရပါတယ်။
လေယာဉ်ဆင်းလာတဲ့အချိန်မှာ ကျနော်တို့ တောင့်တနေတဲ့ အမေ၊ ပြည်သူ့အမေ တကယ်
ပါလာပြီဆိုတော့ ပျော်လိုက်တာ အရမ်းပဲ။ တဖက်ကလဲ အသံလွှင့်နေတော့ တွေ့တာတွေ
တခုစီ ပြောပြရင်နဲ့ အမေ့ရဲ့ကား ဗြုန်းကနဲ ကျနော့် ရှေ့ကိုရောက်လာတယ်။
ကျနော် ရပ်နေတာက ရှေ့ဆုံးမှာ လေ။ ပျော်လိုက်တာ အရမ်းပဲ။ ဓါတ်ပုံရိုက်ဖို့
မေ့သွားတယ်။ အသံလွှင့်ရင်း သားတွေကို အားပေးတဲ့ နူးညံ့အိထွေးတဲ့
အမေ့ရဲ့လက်ကို ကိုင်ပြီး နှုတ်ဆက်ခွင့် ရလိုက်တာ မျက်ရည်တောင် ကျတယ် ဗျာ။
အမေ့ရဲ့လက်ကို ကိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ နုတ်ဆက်ခွင့်ရတာ
ကျေးဇူးတင်ပါတယ် အမေ။ ဒီနောက်မှာ အမေ့ရဲ့ကားနောက်ကို ပြေးလိုက်ပြီး
အသံလွှင့်ရတာလဲ မောရမှန်း မသိခဲ့ပါဘူး။ ဒါနဲ့ ပျော်ရွှင်လွန်းလို့
အင်တာနက်ဆိုင်ကို ပြေးပြီး ကိုမြင့်လှိုင်ဆီ ဓါတ်ပုံတွေ အလျှင်အမြန်ပဲ
ပို့လိုက်ပါတယ်။
ဓါတ်ပုံတွေတင်လို့ မပြီးသေးခင်မှာပဲ ဖုန်း ဝင်လာတယ်။ ကိုအရှည်ကြီးရေ၊
ကျောင်းသားဆေးခန်းရှေ့မှာ လူအင်အား တထောင်းကျော် ရေ တော်တော် ငတ်နေပြီ၊
အမြန် ကူညီပါဆိုတာနဲ့ ပြန် ပြေးရပါတယ်။ အမေ့ကို စိတ်အားထက်သန်စွာ
စောင့်မျှော်နေတဲ့ ပြည်သူတွေအတွက် သောက်ရေ စီစဉ်ရပါတယ်။ အကိုရေ၊ လုပ်ပါဦး၊
ပေးပါဦးနဲ့ စီစဉ်လိုက်တာ ရေ ပါကင် (၁၂) ဖာပဲ ရလိုက်တယ်။ ဒါနဲ့
ဖုန်းဆက်ပြီးတော့ လှမ်းမှာ ရတယ်။ အကို ကားကို အခုထုတ်ပြီး အနည်းဆုံး ရေ
ပါကင် (၅၀) လာ ပို့ပေးပါ၊ နောက်မှ ပိုက်ဆံ ပြန် ရှာမယ် လို့ လှမ်းပြောပြီး
စီစဉ်ပေးလိုက်ပါတယ်။ ကျနော်တို့ချစ်တဲ့ အမေ့ကိုတွေ့ဖို့ မနက်ထဲကလာပြီးတော့
စောင့်နေရသူတွေကို သောက်ရေ ကမ်းရတဲ့ပီတိနဲ့အတူ ရင်ထဲမှာ
ပျော်ရွှင်မြူးတူးစွာ ခံစားရပါတယ်။
အမေ့ရဲ့ ခရီးစဉ်ကို သိနိုင်အောင် အဆက်အသွယ်လုပ်တော့ “အရှည်ကြီး ရေ၊
ဆေးခန်းကို မဝင်တော့ဘူး။ လေဆိပ်ကို တိုက်ရိုက် သွားရတော့မယ်“ ဆိုတာကို
သိလိုက်တာနဲ့ အမေ့ကိုချစ်တဲ့ အမေ့ရဲ့ပြည်သူတွေ၊ အလုပ်သမားတွေ လေဆိပ်မှာ
သွား စောင့်လို့ရအောင်၊ မီးပွိုင့်မှာလဲ စောင့်နိုင်အောင် စီစဉ်ရတာ
လက်မလည်တော့ပါဘူး။
ထိုင်းအာဏာပိုင်တွေကလဲ မဟုတ်တဲ့နေရာတွေမှာ နေခိုင်း၊ ကျနော်ကလဲ လူတွေကို
ပြန်ခေါ်နဲ့၊ အမေရဲ့အပြန်ခရီးကို နှုတ်ဆက်ဖို့ ပြင်ခဲ့ရပါတယ်။ အမေ့ရဲ့ကားလဲ
ရောက်လာတော့ တိုင်ပင်ထားတဲ့ အတိုင်းပဲ သူတို့ မပေးတဲ့ အခွင့်အရေးကိုရအောင်
လုယူရတာကိုလည်း ရင်ထဲမှာ ဝမ်းနည်းမိခဲ့၊ မျက်ရည်ကျခဲ့ရပါတယ်။
ထိုင်းရဲတွေကို ပြောခဲ့တဲ့ စကားတွေကလဲ ရင်ထဲမှာ အပြည့်ပါ။
ကျနော်တို့ရဲ့ အမေ၊ ကျနော်တို့အမေကို ကျနော်တို့မှာ ကြိုပိုင်ခွင့် ရှိပါတယ် လို့။
စိတ်ထဲမှာ ခံစားရတာတွေ များလွန်းလို့ ဘယ်သူ့ကိုမှ ဘာမှ
စကားမပြောနိုင်တော့ပါဘူး။
ဓါတ်ပုံလဲ မရိုက်နိုင်ခဲ့ပါဘူး။ လဲကျနေသူတွေ၊ ဖုန်တွေ ပေကျံပြီး
ကျန်ခဲ့သူတွေ၊ ဖိနပ်တွေ ကျွတ်ပြီး ကျန်ခဲ့ရ၊ ပြန်ခဲ့ရသူတွေကို တွေ့ခဲ့ရတာ
ရင်ထဲမှာ မွန်းကြပ်စွာ ခံစားရပါတယ်။
ကျေးဇူးတင်ပါတယ်။
တနေ့လုံး စိတ်ထဲမှာ မဖြေသိမ့်နိုင်ခဲ့တာတွေကို ထွက်ပေါက်ပေးတဲ့ အကိုကြီးကိုမြင့်လှိုင်ကို ကျေးဇူးတင်ပါတယ် အကို။
အမေ သက်တော်ရာကျော် ရှည်ပါစေ။
(ဒေါ်အောင်ဆန်းစုကြည်ကို ရင်ခုန်လှိုက်မောစွာ စောင့်ကြိုခဲ့တဲ့ မဲဆောက်နေ
မြန်မာတိုင်းရင်းသားတဦး ဖြစ်ပြီး ယနေ့မြန်မာရဲ့ ပြည်သူ့သတင်းထောက်ဖြစ်တဲ့
အရှည်ကြီး (မဲဆောက်) ပေးပို့တဲ့ ခံစားချက်စာစု ဖြစ်ပါတယ်။)
မနက်ကတည်းက စောင့်ကြိုနေကြသူများအား သောက်ရေ ဖြန့်ဝေစဉ်
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသွားတဲ့ လေယာဉ်ကို မျက်စေ့တဆုံး ကြည့်ရင်း လှိုက်မောစွာ ကျန်ရစ်ခဲ့စဉ်
No comments:
Post a Comment