Tuesday 26 June 2012

ကျောင်းချိန်ပြင်ပ၌ မွန်စာပေ သင်ကြားရေးသည် လက်တွေ့ မဖြစ်နိုင်

Mon_Schoolပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီအဖွဲ့မှ ခွင့်ပြုခဲ့သော အစိုးရ ကျောင်းများ၏ ကျောင်းချိန် ပြင်ပ၌ မွန်စာပေ သင် ကြားရေး အစီစဉ်သည် လက်တွေ့ မကျနိုင်ကြောင်း မွန်ပြည်သစ် ပါတီ ဗဟို ပညာရေး ဌာနမှ ပြောပါသည်။ ကျောင်းချိန်ပြင်ပသည်၊ ကျောင်းသားများ အတွက် စိတ်ဝင်စားမှု နည်းသည့် အချိန်ဖြစ်သလို၊ ပင်ပမ်းချိန် ဖြစ်သဖြင့် ထိရောက်မှု ရှိမှာ မဟုတ်ကြောင်း မွန်ပြည်သစ် ပါတီ ပညာရေး အရာရှိ တဦးက ဆိုပါသည်။
“ ဒီ အစီအစဉ်ကို မွန်ပညာရေး ဌာနက ကျိုက်မရော မြို့နယ်မှာ အကောင်အထည် ဖော်ခဲ့ဘူးပါတယ်၊ မဖြစ်မြောက်ခဲ့ပါဘူး။ ခလေးတွေက ကျောင်းချိန် ပြင်ပ ဆိုရင် စိတ်မဝင်စား ကြတော့ဘူး၊ နောက် စနေ၊ တနင်္ဂနွေ ကလည်း ခလေးတွေ ပင်းပန်း ထားတာတွေ အနားယူနိုင်ဖို့ သူတို့ အားလပ်ချိန် တွေလည်း လိုအပ်ပါတယ်၊ ဖြစ်သင့်တာက မွန်စာပေကို အစိုးရ ကျောင်းချိန်တွင်း တစ်ချိန်ချိန်မှာ သင်ကြားခွင့်ရရင်တော့ လက်ခံနိုင်ဖွယ်ရှိပါတယ်” ဟု မွန်ပညာရေး ဌာန တာဝန်ခံ မိစားတားက ပြောပါသည်။

မွန်ပြည်သစ် ပါတီသည်၊ မွန်ဒေသရှိ အစိုးရ မူလတန်း ကျောင်းချိန် အတွင်း၌ တရားဝင် မွန်စာ သင်ကြားခွင့်ကို ရလိုသဖြင့် အပစ်အခတ် ရပ်စဲရေး တွေ့ ဆုံ ဆွေးနွေးစဉ်က တင်ပြ တောင်းဆိုခဲ့ပါသည်။ ဤကိစ္စကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကကျောင်း ချိန်ပြင်၌သာ သင်ကြားခွင့်ပြုခဲ့ပါသည်။ သို့သော် ရည်မှန်းချက်အတိုင်း မရသဖြင့်မွန်ပြည်သစ်ပါတီသည် ဒုတိယ သမတ ဒေါက်တာစိုင်းမောင်ခမ်းနှင့် တွေ့ဆုံချိန်၌ ထပ်မံတောင်းဆိုခဲ့ပြန်ပါသည်။ သို့သော်ကျောင်းချိန်ပြင်ပ၌သာ သင်ကြားခွင့်ရပါသည်။
ထို့အပြင် ဧပြီလ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ကျင်းပသော ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၌လည်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းက မွန်ဒေသရှိအစိုးရမူလတန်းကျောင်း များတွင် မွန်စာပေ သင်ကြားရေး အဆိုကို လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့ပြီး ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးခဲ့ သော် လည်း အကောင်အထည်မဖေါ်နိုင်ခဲ့ပေ။
“ကျောင်းစာ သင်ကြားချိန် မဟုတ်ပဲနဲ့ အခြား အာလပ်ချိန် ဖြစ်တဲ့ အာကစား ချိန်တို့၊ ဖွံ့ဖြိုးရေး ချိန်တို့လို တစ်ချိန်ချိန် ရရင်တော့ ကောင်း ပါတယ်။ ကျောင်းချိန်ပြင်ပဆိုရင်တော့ ကျမတို့ မြို့တွင်း ကျောင်းတွေမှာဆိုလို့ရှိလျှင် ကျူရှင် ဆက်တိုက် ရှိတယ် ဆိုတော့ မွန်စာ သင်ကြား ပေးနိုင်တဲ့ အချိန်ကမရှိသလောက်ဘဲ” ဟု မော်လမြိုင် မြို့ခံ တစ်ဦးဖြစ်သူ မိမိုးမိုးကပြောပါသည်။
Mon_school_new
မွန်အမျိုးသား ကျောင်းမှ ကျောင်းသူ ကျောင်းသားများ မွန်အမျိုးသား အလံအား အလေးပြုနေကြစဉ် (ဓါတ်ပုံ - အင်တာနက်)
မွန်ပြည်သစ် ပါတီသည် မွန်ဒေသတွင် မွန်စာတရားဝင် သင်ကြားရေးကို မွန်အမျိုးသား ကျောင်းပေါင်း (၁၄၇) ကျောင်း ရှိပြီး အင်္ဂလိပ်စာ၊ မြန်မာစာအပြင်  ဘာသာရပ်ပေါင်းစုံကို မွန်ဘာသာ ဖြင့် သင်ကြားပေးနေသော အခမဲ့ ပညာရေး စနစ်ဖြစ်ပါသည်။ အစိုးရကျောင်းများ၌ မွန်တဘာသာတည်းသာ သင်ကြားနိုင်သော တွဲဖက်အမျိုး သားကျောင်း (၁၁၆) ကျောင်း ရှိပြီး စုစုပေါင်း (၂၆၃) ကျောင်း ရှိနေပါသည်။
မွန်ပြည်သစ် ပါတီ၏ မွန်အမျိုးသား ပညာရေး စနစ်ကို (၁၉၇၂) ခုနှစ်က စတင် အကောင်အထည် ဖော်ခဲ့ပြီး အထက်တန်း ပညာရေး ၁၉၉၂ ခုနှစ်တွင် စတင်နိုင်ခဲ့သည်။ မွန်ပြည်သစ်ပါတီသည် (၁၉၉၅) ခုနှစ် အပစ်အခတ် ရပ်စဲရေးရခဲ့စဉ်တုန်းကလည်း ကျောင်းချိန်တွင်း မွန်စာ သင်ကြားရေးကို တောင်းဆိုခဲ့ပါသည်။ သို့သော် အစိုးရသည် ကျောင်းချိန်ပြင်ပ၌သာ ခွင့်ပြုခဲ့သော်လည်း မွန်အမျိုးသား အထက်တန်း ကျောင်းများမှ ကျောင်းသူ/သားများကိုမူ အစိုးရစစ် စာမေးပွဲ ဖြေဆိုခွင့်ကို ယနေ့တိုင် ခွင့်ပြုခဲ့ပါသည်။
ဤသို့ကြောင့် အစိုးရသစ်သည်၊ တိုင်းရင်းသား စာပေသင်ကြားရေးကို တရားဝင်ခွင့်ပြုမည့် အနေအထား မရှိသေးကြောင်း ယူဆနိုင်ပါသည်။

No comments:

Post a Comment